မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်ခတ် စစ်ကိုင်းတံတားဟောင်းနှင့် မန္တလေးမြို့ရှိ တိုက်များ ပြိုလဲမှုဖြစ်ပေါ်
မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတံတားဟောင်းပြိုကျခဲ့သည့်အပြင် မန္တလေးမြို့ရှိ တိုက်အချို့ပါ ပြိုကျခဲ့ကြောင်း သိရသည်။
ယနေ့(မတ် ၂၈ရက်) မွန်းလွဲ တစ်နာရီခန့်က မန္တလေးတိုင်း စဉ့်ကူးမြို့နှင့် ကျောက်ဆည်မြို့ကြားရှိ စွန်ရဲအင်းကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၇ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ နေပြည်တော် အစရှိသည့် မြို့များတွင် သိသိသာသာခံစားခဲ့ရသည်။
ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်နှင့် မဲဆောက်မြို့များတွင်ပါ ခံစားခဲ့ရသည်။
ယခုလှုပ်ခတ်ခဲ့သည့်ငလျင်သည် အင်အားပြင်းငလျင်ဖြစ်သောကြောင့် နောက်ဆက်တွဲငလျင်များလည်းလှုပ်ခတ်နိုင်သေးသည်။
“ အခုလှုပ်တာက စစ်ကိုင်းပြတ်ရွေ့ကပါ သေချာတော့ လေ့လာနေတယ် “ ဟု ငလျင်ပညာရှင် ဦးစိုးသူရထွန်းကပြောသည်။
ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်မှုမရှိသေးသလို ငလျင်ပညာရှင်များကိုလည်း MPAက ချိတ်ဆက်မေးမြန်းမှုများပြုလုပ်လျက်ရှိပြီး ထပ်မံသိရှိရသည့်အချက်များကို ဖော်ပြသွားမည်။