By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်က အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ ၂၆ရက်၊ ညနေ သုံးနာရီခွဲဝန်းကျင်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှတက်လာသည့် အင်ဂျင်တပ်လေထီးဖြင့် ဆင်မြေရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chaung U People’s Defence Force ထံက သိရသည်။
” နှစ်လုံးချတာဗျ။ တစ်လုံးကရွာအပြင်ကျပြီး တစ်လုံးက ဘုန်းကြီးကျောင်းဝင်းထဲကျတာ။ ကျတဲ့နေရာတော့ ကွက်တိတော့မသိရသေးဘူး။ ဘုန်းကြီးကျောင်းဝင်းထဲပဲကျတာ” Chaung U People’s Defence Force၊ သတင်းနှင့်ဆက်သွယ်ရေးတာဝန်ခံက MPA သိုပြောသည်။
ထို့ပြင် ည ၁၁နာရီကျော်၌ နွယ်ခွေရွာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးသီးတစ်လုံး ထပ်မံ ကြဲချခဲ့ရာ နေအိမ်နှစ်လုံးကြား ပေါက်ကွဲကာ အမျိုးသားတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရသူများသည် စိုးရိမ်ရသည့် အခြေအနေမရှိကြောင်းသိရသည်။
လေကြောင်းရန်အတွက် ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းများတူးကာ ဝင်ရောက်ပုန်းခိုခြင်းသည် အကောင်းဆုံးဖြစ်ပြီး လေကြောင်းသတင်းများကိုလည်း အချိန်နှင့်တပြေးညီဖြန့်ဝေပေးနေကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်ကလည်း ချောင်းဦးမြို့နယ်အရှေ့ခြမ်းတစ်နေရာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့သည်။
စာတည်း-ML