By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် စက်တပ်လေထီး (Paramotor) ဖြင့် ဗုံးကြဲချခြင်းတို့ကြောင့် အသက်၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၄ရက်၊ ညကိုးနာရီခွဲဝန်းကျင်တွင် မုံရွာမြို့နယ်အရှေ့ခြမ်း၊ အင်တိုင်းရွာသို့ ကျောက်စစ်ပုံ အမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့သည့်အပြင် မုံရွာ၊အနောက်မြောက် တိုင်း စစ်ဌာနချုပ်(နမခ)မှတက်လာသည့် စက်တပ်လေထီးဖြင့် ကြဲချသည့် ဗုံးလည်း ကျေးရွာထဲသို့ ကျရောက်ခဲ့ကြောင်း Monywa Roads Information က မတ်လ ၂၅ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။
” ရွာအရှေ့ဦးမှာတော့ paramotorရော၊လက်နက်ကြီးပါ တိုက်ခိုက်မှု၁၀ကြိမ်ထက်မနည်း တိုက်ခိုက်မှုပြုတယ်လို့သိရပါတယ်။ သေသွားတဲ့ ယောက်ကျားလေးနှစ်ယောက်က တစ်ယောက်ကဗိုက်ပေါက်သွားပြီး တစ်ယောက်ကနောက်စေ့ကိုမှန်တယ်။ ပွဲချင်းပြီး အဲ့နေရာမှာပဲ သေသွားတယ်ပြောကြတာကိုကြားမိပါတယ်” ဟု Monywa Roads Informationအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသမီးသုံးဦးနှင့် ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိကြောင်း သိရသည်။
” ကိုးနှစ်ရွာကလေးတစ်ဦးက ပေါင်မှာ ထုတ်ချင်းပေါက် ဒဏ်ရာရတယ်လို့ သိရတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်းသိရသည်။