By Poesangle/ MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ဘီပိုး၊ စီပိုးနှင့် HIV ရောဂါဖြစ်ပွားသူများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့၌ KTVများပိုမိုများပြားလာပြီးနောက် ယခုကဲ့သို့ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းလည်း များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ ဘီပိုး၊ စီပိုး နဲ့ HIV ဆိုတဲ့ ရောဂါတွေက လိင်ဆက်ဆဲ့တဲ့အချိန် အကာအကွယ်သုံးတာ၊နို့တိုက်မိခင်၊ ပြီးတော့ ဒီရောဂါ အခံရှိတဲ့သူတွေနဲ့ ထိတွေ့မိတာတို့ ကူးစက်အရမ်းလွယ်ကူပါတယ်။ ကျမတို့ဆေးခန်းမှာတော့ HIV ရောဂါသည်တွေတော့ မတွေ့ရသေးဘူး။ အခြားဆေးရုံ၊ ဆေးခန်းတွေမှာတော့ ရှိတယ်။ ပြီးတော့ ဒီရောဂါက အပြင်ကနေ ကူးစက်လာတာဖြစ်နိုင်သလို KTV နဲ့ အနှိပ်ခန်းတွေကနေ ကူးဆက်တာမျိုးလဲဖြစ်နိုင်တယ်။ ကျမဆီမှာတော့ ဘီပိုး၊ စိပိုးလာကုတဲ့သူ ဆယ်ယောက်ဝန်းကျင်ရှိပြီ “ ဟု နမ့်စန်မြို့ခံ ဆရာဝန်တစ်ဦးက MPA သို့ပြောသည်။
အသည်းရောင်အသားဝါ ဘီပိုးသည် ကူးစက်လွယ်သည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး လူတစ်ယောက်မှ တစ်ယောက်မှ အလွယ်တကူကူးစက်သည့်အပြင် မသန့်ရှင်းသည့် ဆေးထိုးအပ် ၊ တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်သည်။
ထို့ပြင် HIV ရောဂါသည်လည်း ခုခံအားကျင်ဆင်းမှုကိုဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး AIDS ကိုဖြစ်စေကာ သုတ်၊ သွေး နှင့် နို့ရည်များမှ တဆင့် ကူးစက်နိုင်ကြောင်းလည်း သိရသည်။
ထို့ကြောင့် ဘီပိုးနှင့် HIV ကူးစက်ခံရသူများအနေဖြင့် ကုသမှုကို အမြန်ဆုံးခံယူပြီး နီးစပ်ရာ ဆေးရုံ များ၌ ကုသမှုခံယူမှသာ ရောဂါသက်သာကာ ကူးစက်မှုလည်း လျော့ကျနိုင်မည်ဖြစ်ကြောင်း နမ့်စန်မြို့မှ ဆရာဝန်က ဆက်လက်ရှင်းပြသည်။
“ ကုသခံယူမှုမပြုလုပ်ရင်တော့ မိသားစုဝင်နဲ့ ပတ်ဝန်းကျင်ကို အလွယ်တကူ ရောဂါပျံ့နှံ့သွားမှာဖြစ်တယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ အာဏာမသိမ်းမီက နမ့်စန်မြို့တွင် KTV ဆယ်ခုခန့်သာရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် KTV ဆိုင်အခုသုံးဆယ်ခန့်ရှိလာသည့်အပြင် လောင်းကစားရုံများလည်း များပြားလာကြောင့် နမ့်စန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ရွာအမည်တော့ မပြောတော့ပါဘူး။ အချို့ အမျိုးသမီးတွေက မြို့ပေါ်တက်ပြီး အလုပ်လုပ်ကြတယ်။ KTV အလုပ်လုပ်ကြတယ်။ အချို့အမျိုးသမီးတွေ ရောဂါကူးစက်လို့ အကူအညီလာတောင်းတာရှိတယ်။ ကျမဆီအကူအညီလာတောင်းတာအများကြီးဘဲ၊ ဆေးခန်းတွေညွှန်ပေးတယ်။ ပြီးတော့ ရောဂါကူးစက်ခံရတဲ့ အချို့အမျိုးမီးတွေဆိုရင် အသက်မပြည့်သေးဘူး။ အဲ့ဒါကြောင့် အလုပ်က ဝင်ငွေများတယ်ဆိုပြီး မလုပ်ကြပါနဲ့ ကိုယ့်ကျန်းမာရေးလည်း သတိထားရမယ် ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘီပိုးကူးစက်ခံထားရသူများသည် မိမိ၌ ရောဂါအခံရှိသည်ကိုမသိဘဲ မွေးရပ်မြေသို့ ပြန်လာမှုကြောင့် အခြားသူများကို ပိုမိုကူးစက်ခြင်းများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ ရွာမှာ အလုပ်အဆင်မပြေလို့ မြို့ပေါ်အလုပ်သွားလုပ်ကြတာတွေရှိတယ်။ အချို့က ခေါက်ဆွဲဆိုင်၊ အချို့က အထည်ဆိုင်မှာ လုပ်ကြတယ်လို့ပြောတယ်။ လစာ သုံးလေးသိန်းရလို့ သွားလုပ်ကြတာ၊ ရောဂါဖြစ်ပြီးတော့မှ ပြန်လာတော့ ကူးစက်တာတွေဖြစ်ကုန်တာ ” ဟု နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါဖြစ်ပွားမှု များပြားနေသည့်အတွက် အနှိပ်ခန်းနှင့် KTV ဖွင့်လှစ်ထားသော လုပ်ငန်းရှင်များက အလုပ်သမားများကို တစ်လသို့မဟုတ် နှစ်လတစ်ကြိမ် ဆေးစစ်မှုများပြုလုပ်သင့်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူအများစုသည်လည်း ကျန်းမာရေးနှင့် ပတ်သက်သည့် အသိအားနည်းနေခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများလုပ်ဆောင်ပေးရန် ဒေသခံများက လိုလားလျက်ရှိနေသည်။