ချင်းပြည်နယ် မင်းတပ်မြို့သို့ စစ်အင်အား တိုးချဲ့သည့် အကြမ်းဖက်စစ်တပ် လေးရက်တာကာလအတွင်း ၆၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မင်းတပ်မြို့နယ်သို့ နည်းလမ်းမျိုးစုံဖြင့် စစ်အင်အား တိုးချဲ့လျက်ရှိရာ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြပြီး မင်းတပ်မြို့နယ် အတွင်း နိုဝင်ဘာ လဆန်း ၃ ရက်မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်း ဖက်စစ်တပ် သေဆုံးမှုများ ပြားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် ဝင်ရောက်လာရာ လမ်းများတလျောက် ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တူမီးသေနတ်များဖြင့် ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး(CNF)မှ တာဝန်ရှိသူတစ်ဦးက ”တိုက်ပွဲတွေမှာတော့ ချုံခိုတိုက်ခိုက်တာတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်တာတွေ အဓိကအသုံးပြုတာပေါ့နော်။ လိုအပ်တဲ့ လက်နက်ခဲယမ်းစားနပ်ရိက္ခာတွေကိုတော့ ရှိတဲ့ဟာနဲ့ပဲ ခြွေတာပြီးသုံးရတာပေါ့” ဟု ပြောသည်။
မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃ ရက်နေ့ တွင် သံချပ်ကားနှစ်စီး အပါအဝင် မတူပီမှဆင်းလာသည့် အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လမ်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၁၀ဦးကျဆုံးခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါတိုက်ပွဲတွင် ချင်အမျိုးသား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မင်းတပ်မှ အသက်၇၃နှစ်အရွယ် တော်လှန်ရေးသမားကြီးတစ်ဦးကို ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ၄ရက်နေ့တွင်လည်း မင်းတပ်-မတူပီလမ်းပိုင်းရှိ နေရာနှစ်ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်တပ်မှ ၂၅ဦးထက် မနည်းကျဆုံးခဲ့ရကြောင်း သိရသည်။
အလားတူပင် နိုဝင်ဘာ၆ရက်နေ့နှင့် ၇ရက်နေ့တို့တွင်လည်းမင်းတပ်-မတူပီလမ်းပေါ်တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စုစုပေါင်း၁၈ဦးထက် မနည်းသေဆုံးခဲ့ရကြောင်း သိရသည်။
စစ်တပ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့ပြီး ချီတက်ရာ လမ်းတလျောက် ကျေးရွာ အသီးသီးရှိ နေအိမ်များမှ တိရစ္ဆာန်များကို လုယူသတ်ဖြတ် စား သောက်ခြင်း၊ အသုံးအဆောင်နှင့် တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခိုးယူခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်သည် အကြမ်းဖက်စစ်တပ်ကို ၁၉ ရာစုသုံး လက်နက်တစ်ခုဖြစ်သည့် တူမီးများနှင့်ပင် စတင် လက်နက်စွဲကိုင် တော်လှန်လျက်ရှိပြီး ချင်းပြည်နယ်ကို စိုးမိုးနိုင်ရန် အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုများသည် လက်ရှိအချိန်အထိ မရာမထင်ဘဲ အသေအဆုံးသာ များပြားလျက်ရှိသည်။