By Ko Paing / MPA
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အမှိုက်ကောက်ဟန်ဆောင်၍ PDF သတင်းထောက်လှမ်းနေသည့် ပြည်သူ့စစ်တစ်ဦးကိုမသင်္ကာ၍ စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း-၃၈၀၁ တပ်ခွဲတစ် (Yoma GBK PDF) ထံက သိရသည်။
မတ်လ ၁၅ ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာ၊ ဗျူဟာလမ်းအနီး၌ အရပ်သားဟန်ဆောင်ကာ အမှိုက်လိုက်ကောက်နေသူတစ်ဦးကို ကင်းယူနေသည့် PDF ရဲဘော်များက ခေါ်ယူ၍ လက်ကိုင်ဖုန်းအား စစ်ဆေးနေစဥ် ခုခံထွက်ပြေးသွားသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူက ဗျူဟာလမ်းနားမှာ အမှိုက်ကောက်နေတာ။ဆိုင်ကယ်တစ်စီးလည်းရှိတယ်။ကျတော်တို့က သူ့ကို ခေါ်ပြီး ဖုန်းကို စစ်တော့ ဖုန်းထဲမှာ စစ်ဝတ်စစ်စားနဲ့ပုံတွေ့တဲ့အချိန်မှာပဲ ဒီကောင်က ကျတော်တို့ ရဲဘော်ကို တွန်းပြီး ပြေးတဲ့အချိန်မှာ ပစ်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။ဖုန်းထဲမှာ သူက မီးသတ်တပ်ကြပ်ကြီးယူနီဖောင်းနဲ့ဓာတ်ပုံတွေလည်း တွေ့ရတယ်။အခြား မီးသတ်တွေရဲ့ ဓာတ်ပုံတွေကိုလည်းတွေ့ရပါတယ်။ စစ်တပ်အရာရှိတွေနဲ့ အပြန်အလှန် စာတွေနဲ့ ဖုန်းပြောထားတဲ့အချက်အလက်အပြင် စစ်ရေးကိစ္စတွေလည်းပါတယ်။ဒါတွေကတော့ ဖြေလို့မရလို့ မဖြေတော့ပါဘူး”ဟု သာယာဝတီခရိုင်တပ်ရင်း-၃၈၀၁ တပ်ခွဲ(၁)Yoma GBK PDF) မှ တပ်ခွဲမှူး ကရင်းလေး က MPA သို့ ပြောသည်။
ဖုန်းမှတ်တမ်းများအရ သေဆုံးသွားသူ ဇေယျာထက်မှာ ပြည်သူစစ်အဖွဲ့ဝင်ဖြစ်ပြီး
အရန် မီးသတ် တပ်ကြပ်ကြီး အဆင့်ရှိသူလည်း ဖြစ်ကြောင်း သိရပြီး ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးနှင့်ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
“သူက ကျတော်တို့ ရွှေတောင်ဇာတိ။ကျတော်နဲ့ ကျောင်းနေဖက်။သူ့မိဘတွေက ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံ ကပါ။အဲ့ကောင်မှာ မိန်းမ နဲ့ ကလေးတစ်ယောက်ရှိတယ်။အရင်က မီးသတ် ဌာနမှာ”ဟု ရွှေတောင်မြို့ခံတစ်ဦး ကပြောသည်။
ဥယာဥ်ကြီးကျေးရွာသည် စစ်ကောင်စီတပ်နှင့်PDF တပ်ဖွဲ့ဝင်များပါ ဝင်ထွက်နေသည့် ကြားခံနယ်မြေဖြစ်ပြီး ကြို့ပင်ကောက်မြို့ပေါ်နှင့် ၁၂ မိုင်ခန့်ကွာဝေးကာ ဒေသခံရွာသားအများစုမှာ နေရပ်စွန့်ခွာသွားပြီဖြစ်ကြောင်းသိရသည်။