By Mg Dagon / MPA
ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ယခုနှစ်(၂၀၂၅ခုနှစ်) ဧပြီလမှစတင်၍ မြန်မာနိုင်ငံအတွင်းရှိ လူတစ်သန်းထံ စားနပ်ရိက္ခာအကူအညီပေးမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယနေ့ (မတ်လ ၁၄ ရက်) ရက်စွဲဖြင့် WFP က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုနှင့် ကူညီခွင့်အကန့်အသတ်များ တိုးမြင့်လာခြင်းကြောင့် အကူအညီများ ထပ်တိုးလိုအပ်နေချိန်အတွင်း WFP က လူတစ်သန်း၏ အကူအညီများရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
“အခုဖြစ်လာမဲ့ အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုအတွက် ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။
WFP အနေဖြင့် အကူအညီပေးနိုင်ရေး ဆက်လက်ကြိုးပမ်းနေသော်လည်း အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ရန်ပုံငွေများ ချက်ချင်းရရှိရေးက ပိုမိုအရေးကြီးသည်ဟု ၎င်းက ဆက်ပြောသည်။
WFP အနေဖြင့် ရန်ပုံငွေအသစ်မရရှိပါက အလွယ်ဆုံးထိခိုက်နိုင်သည့် အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးနိုင်တော့မည်ဟု ထုတ်ပြန်ချက်အတွင်း ပြောဆိုထားသည်။
ယခု အထောက်အပံ့ရပ်ဆိုင်းမှုအတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူ တစ်သိန်းတို့ကို ထိခိုက်စေနိုင်သည်ဟု ဆိုထားသည်။
“ဒီလို အထောက်အပံ့ရပ်ဆိုင်းတာမကောင်းပါဘူး။ အငတ်ဘေးကို ရင်ဆိုင်ရနိုင်တာပေါ့နော်။ ဒါပေမဲ့ WFP ကနေ ရခိုင်ဘက်ကိုပေးတာက မထိရောက်ပါဘူး။ မြို့သိမ်းတိုက်ပွဲတွေကြောင့် ပိုဆိုးပါတယ်” ဟု ရခိုင်ပြည်တောင်ပိုင်းမြို့နယ်များကို ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
သို့သော် အညာဒေသသို့ ပေးအပ်နေသည့် WFP ၏ အထောက်အပံ့များရပ်ဆိုင်းသွားမည်ဆိုပါက ယင်းဒေသက ဒေသခံပြည်သူများအတွက် စိုးရိမ်စရာဖြစ်သည်ဟု ၎င်းက ပြောသည်။
WFP အနေဖြင့် မြန်မာကို စားနပ်ရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။ သို့သော် အဆိုပါ သန်း ၆၀ သည် မည်သည့်ကာလအထိ ပေးအပ်နိုင်မည့်ပမာဏဖြစ်သည်ကိုတော့ WFP က ထည့်သွင်းပြောဆိုထားခြင်းမရှိပေ။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများကို မေ့လျော့မထားဘဲ တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန်နှင့် WFP ၏ မိတ်ဖက်အားလုံးအနေဖြင့်လည်း ထပ်ဆောင်းရန်ပုံငွေ ဝိုင်းဝန်းရှာဖွေပေးကြရန် တိုက်တွန်းကြောင်း Mr.Dunford က ပြောသည်။
ယခုကဲ့သို့ ကြိုးပမ်းရာတွင် စားနပ်ရိက္ခာလိုအပ်မှုအမြင့်ဆုံးဖြစ်သည့် ဇူလိုင်နှင့် စက်တင်ဘာလများတွင် လူ သုံးသောင်းခန့်ကို ပြန်လည်ထောက်ပံ့ပေးနိုင်ရန် ဦးစားပေးလုပ်ဆောင်သွားမည်ဟု WFP က ပြောသည်။
“လူတစ်သန်းဆိုတဲ့ပမာဏက မနည်းမနောပါပဲ၊ ကျမတို့က စစ်ကောင်စီရန်ကြောင့် ရှောင်တိမ်းနေရသူချင်းတူပေမဲ့ အစားအစာတော့ ပုံမှန်ရနေသေးတာပေါ့နော်။ သူတို့ကတော့ မရတော့ဘူး။ မရနိုင်တော့ဘူး။ အဲဒီလူတွေကို တတ်နိုင်သမျှကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရှောင်တိမ်းလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် WFP ၏ အကူအညီရနေသော လူ ၁၅ ဒသမ ၂ သန်းခန့်သည် တစ်နေ့တာစားနပ်ရိက္ခာ မလုံလောက်သည့်အရေးနှင့် ကြုံတွေ့နေရပြီး ယင်းပမာဏမှာ ပြီးခဲ့သည့်နှစ်က ၁၃ ဒသမ ၃ သန်းဦးထက် မြင့်တက်လာခြင်းဖြစ်သည်ဟု WFP ထံမှ သိရသည်။
ထိုပမာဏအတွင်းမှ လူ ၂ ဒသမ ၃ သန်းသည် အငတ်ဘေးကို အရေးပေါ်အဆင့်အနေဖြင့် ရင်ဆိုင်နေကြရကြောင်း ဆိုသည်။ ၎င်းတို့သည် WFP ၏ ပံ့ပိုးမှုရနေသည့်တိုင်အောင် ထမင်းအနပ်ရေလျှော့စားနေရကာ အသက်ဆက်ရေးအတွက် ပိုင်ဆိုင်မှုများထုတ်ရောင်းနေကြရသူများရှိနေသကဲ့သို့ အကြွေးနွံထဲနစ်နေသူများလည်းရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း WFP က ဆိုသည်။
ယခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေများဖြစ်သည့် ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့က ဒေသခံများ အများဆုံးပါဝင်မည့် လူ ၁၅ သန်းခန့်သည် စားနပ်ရိက္ခာမလုံလောက်မှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP က ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် လူ ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ယခုနှစ်တွင် ၄ ဒသမ ၅ သန်းထိ မြင့်တက်လာနိုင်သည်ဟု ယင်းထုတ်ပြန်ချက်အတွင်း ခန့်မှန်းထားသည်။