By Mg Dagon / MPA
ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားဟုလူသိများသော ရန်ကုန်-ဒလဆက်သွယ်ထားသည့် ဒလတံတားနှင့် မလွတ်ကင်း၍ဟုဆိုကာ ဒလမြို့လယ်ခေါင်၊ ကမာကဆစ်ဈေးအနီးရှိ နာရီစင်ကို စစ်ကောင်စီဘက်က ဖြိုချလိုက်ကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
ယနေ့(မတ် ၁၂ရက်)တွင် ၃၅ နှစ်ကျော်သက်တမ်းရှိပြီဖြစ်သော ဒလနာရီစင်ကို ဖြိုချလိုက်သော်လည်း အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ထိုအကြောင်းသိရှိထားသူ မြို့ခံအချို့ထံမှ သိရသည်။
“ဒလသင်္ဘောဆိပ်တက်တက်ခြင်း အရင်က မီးတိုင်ရှိတဲ့ အဝိုင်းနေရာကို ပြောင်းရွှေ့သွားမှာပါ။ ဘယ်လိုပုံစံပြန်တည်ဆောက်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး” ဟု ဒလမြို့ခံ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါနာရီစင်ကို စစ်ကောင်စီလက်အောက်ခံများက ယနေ့တစ်ရက်တည်း အပြီးသတ်ဖြိုချလိုက်ခြင်းဖြစ်ပြီး နေရာသစ်တွင် ပြန်လည်တည်ဆောက်ရန် သုံးလခန့်ကြာမြင့်နိုင်ကြောင်း နောက်ထပ်ဒလမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ထိုသို့နာရီစင်ဟောင်းဖျက်ချခံလိုက်ရခြင်းအပေါ် မြို့ခံအချို့က နှမြောတသဖြစ်နေပြီး ရှေးဟောင်းအမွေအနှစ်တစ်ခု ဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
“နာရီစင်က ကျတော်တို့အတွက် အမှတ်တရလေးပါ။ အခုတော့ မရှိတော့ဘူးပေါ့” ဟု ဒလမြို့ခံ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့သည့် ဒလနာရီစင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် နှစ်ပေါင်းများစွာရပ်တန့်နေသည့် မူလနာရီအစား ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲတပ်ဆင်ခဲ့သည်။
အဆိုပါနာရီစင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် ရန်ကုန်-ဒလ တံတားအဆင်းနှင့် မလွတ်ကင်းသည့်အတွက် ထိုစဉ်ကတည်းက ဖျက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း ခုနစ်နှစ်အကြာ ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများက ဖြိုချလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ခေတ္တရပ်တန့်ထားခဲ့ရသည့် ရန်ကုန်-ဒလတံတားသည် ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာကျန်ရှိတော့ကြောင်း မြို့ခံများထံမှ သိရသည်။