6 Nov 2021 By MPA
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ချီးမြှင့်မည့် 2021 RSF Press Freedom Awards သတင်းလွတ်လပ်ခွင့်ဆုအတွက် လျာထားခံရသူများတွင် မြန်မာသတင်းထောက်တစ်ဦး ဖြစ်သည့် မကေဇွန်နွေးမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်း ၁၁ နိုင်ငံမှ သတင်းစာဆရာများနှင့် မီဒီယာများက ရဲရင့်မှု၊ သက်ရောက်မှုနှင့် လွတ်လပ်ခြင်းဟူ၍ အမျိုးအစားသုံးမျိုးဖြင့် ပေးအပ်မည့် ဆုများအတွက် အမည်စာရင်းတင်သွင်းထားရာတွင် မကေဇွန်နွေးမှာ ရဲရင့်မှုအတွက် ပေးအပ်မည့် ဆုတွင် ဆန်ခါတင် စာရင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း RSF က ထုတ်ပြန်ထားသည်။
သတင်းလွတ်လပ်ခွင့်ဆု အမျိုးအစားတစ်ခုချင်းစီအတွက် လေးဦးစီ အမည်စာရင်းတင်သွင်းခံရရာ စုစုပေါင်း ၁၂ ဦးရှိသည့်အနက် မကေဇွန်နွေးအပါအဝင် သတင်းထောက်ခြောက်ဦး ပါဝင်ပြီး အမျိုးသမီး လေးဦးပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီ ၂၇ က ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ သတင်းယူနေ သည့် မကေဇွန်နွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ထောင်ကျနေစဉ်အတွင်းတွင်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မကေဇွန်နွေးသည် ဧပြီလအတွင်း ဘာသာရေးအရ အစာရှောင် ဥပုသ်စောင့်ခဲ့စဉ် ထောင်အာဏာပိုင်များက အစာငတ်ခံဆန္ဒပြရန် စုရုံးလှုံ့ဆော်သည်ဟု ဆိုကာ ၁ လကြာ တိုက်ပိတ်ထားခဲ့သေးသည်။
၁၉၉၂ ခုနှစ်မှ စတင်ခဲ့သည့် နယ်စည်းမခြား သတင်းထောက်များ စာနယ်ဇင်း လွတ်လပ်ခွင့် ဆုများ သည် ကမ္ဘာတဝှမ်းရှိ မီဒီယာ လွတ်လပ်ခွင့် ကာကွယ်ရေး သို့မဟုတ် မြှင့်တင်ရေး အတွက် ထင်ရှားသော ပံ့ပိုးကူညီမှု တစ်ရပ် ဖြစ်သည့် သတင်းထောက်များနှင့် မီဒီယာ များ၏ လုပ်ငန်းများ ကို အားပေး ၊ ထောက်ခံ ချီးမြှောက်သည့် အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
“ 2021 ဆုတွေအတွက် ဆန်ခါတင်စာရင်းဟာ သတင်းလွတ်လပ်ခွင့်အတွက် ဘုံတိုက်ပွဲတစ်ခုမှာ ပါဝင်နေတဲ့ သတင်းထောက်တွေနဲ့ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထင်ဟပ်စေပါတယ် ” ဟု RSF အထွေထွေအတွင်းရေးမှူး Christophe Deloire က ပြောကြားခဲ့သည်။
“ဒီအမျိုးသား၊ အမျိုးသမီးနဲ့ မီဒီယာတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပျက်ပြားစေမယ့် ပေါင်းစည်းတဲ့ အင်အားစုတွေကို သတ္တိရှိရှိနဲ့ သန္နိဋ္ဌာန်ချပြီး ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေပါ။ ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားမှာ သတင်းထောက်တွေကို ခြိမ်းခြောက်ခြင်း၊ တရားစွဲခြင်း၊ ထောင်ချခြင်းတွေ မကြာခဏ ခံနေရပါတယ်။ မီဒီယာတွေဟာ ဆင်ဆာဖြတ်တောက်ခံရတာတွေ၊ ဘေးဖယ်ထားခံရတာတွေ၊ တားမြစ် ပိတ်ပင်ခံရတာေွကို ကြုံတွေ့နေရပါတယ်။ RSF Awards ဟာ ဂျာနယ်လစ်ဇင်ရဲ့ စံနမူနာရှင်တွေ အားလုံးကို ချီးကျူးဂုဏ်ပြုတာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည်လည်း အကြမ်းဖက်စစ်တပ်၏ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီးတွင် သတင်းရ ယူပိုင်ခွင့်ကို ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခံနေရသည့် နိုင်ငံများအနက် တစ်ခုဖြစ်လာခဲ့ပြီး သတင်းမီဒီယာသမား အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးထားစဲဖြစ်သည်။
RSF ဥက္ကဋ္ဌ Pierre Haski က ဦးဆောင်ကျင်းပသည့် ၂၉ ကြိမ်မြောက် RSF Press Freedom Awards ၏ ဂျူရီအဖွဲ့တွင် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသော သတင်းသမားများနှင့် လွတ်လပ်စွာ ပြောဆိုကာကွယ်သူများ ထည့်သွင်းဖွဲ့စည်းထားသည်။
Photo – Myanmar Now
#ကေဇွန်နွေး #RSF #သတင်းလွတ်လပ်ခွင့်ဆု #MPA
မြိုင်မြို့နယ် ကျောက်ဆောက် နှင့် တောင်ရွာမှ ပြည်သူ ၄၀ ခန့်အား စစ်ကောင်စီ နှိပ်စက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက် နှင့် တောင်ရွာများသို့ ယမန်နေ့( စက်တင်ဘာလ ၃၀ ရက်)၊ မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်း၊ ရောက်ရှိလာခဲ့ပြီး တောထဲ(လယ်စောင့်တဲ)တွင် စစ်ရှောင်နေကြသော ပြည်သူ ၄၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်းသိရသည်...