By Ra Wai / MPA
ဗန်းမော်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များ ရွှေကူမြို့မှ မန္တလေးသို့ ဆက်လက်သွားလိုပါက အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း ဇောတိကလူမှုကူညီ ရေး အသင်း(ဗန်းမော်မြို့)ထံက သိရသည်။
မန္တလေးသို့ ဆက်လက်တိမ်းရှောင်လိုပြီး အခက်အခဲရှိသည့် ဗန်းမော်ခရိုင်အတွင်းရှိ စစ်ဘေးရှောင် များကို ၂၀၂၄ခုနှစ်၊ဒီဇင်ဘာ၁၂ရက်မှစတင်ကာ ရွှေကူမြို့မှနေ၍ အခမဲ့ ပို့ဆောင်ပေးလျက်ရှိရာ လူ ၆၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီဖြစ်ပြီး မတ်လကိုးရက် သို့မဟုတ် ၁၀ရက်တွင် ၁၃ကြိမ်မြောက်အ ဖြစ် ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
“လူနာကို ဦးစားပေးပါတယ်။ဒုတိယက သက်ကြီးပိုင်းနဲ့ ကလေးငယ်ပါ”ဟု ဇောတိကလူမှုကူညီရေး အသင်း(ဗန်းမော်မြို့)၏ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ကားတစ်စီး၏ လမ်းခရီးစုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်၁၀သိန်းဝန်းကျင်ဖြစ်ပြီး အသင်းပိုင် ကား သုံး စီးဖြင့် ၁၂ကြိမ် ပို့ဆောင်ခဲ့ပြီးဖြစ်ကာ လာမည့်၁၃ကြိမ်မြောက်တွင် ရန်ပုံငွေနည်းလာသဖြင့် ကားနှစ် စီးဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ကျတော်တို့အသင်းက အလှူမခံပါဘူး။အသင်းရန်ပုံငွေနဲ့သာ လည်ပတ်ပါတယ်။စိတ်ပါလို့ လှူသ လောက်သာ လက်ခံပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကားတစ်စီးလျှင် လူ၁၃ဦးမှ ၁၅ဦးအထိ တင်ဆောင်ကာ ပို့ဆောင်ပေးနေကြောင်း သိရသည်။
ကေအိုင်အေနှင့် မဟာမိတ်တို့က ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ဒီဇင်ဘာလေးရက်မှ စတင် ကာ ဗန်းမော်မြို့တွင်းနှင့် စစ်လမ်းကြောင်းကျရာ ရွာတို့မှ ပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ခဲ့ရပြီး ဗန်းမော်မြို့တွင်း၌ အိမ်စောင့်နှင့် မရှောင်တိမ်းနိုင်သည့် ပြည်သူအချို့သာ ကျန်ရှိသည်။
ဗန်းမော်မြို့တွင်းရှိ နေအိမ်နှင့် အဆောက်အအုံ ရာခိုင်နှုန်း၉၀ခန့် ပျက်စီးနေပြီဖြစ် ကြောင်းBanmaw Scout Team က ထုတ်ပြန်ထားသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA၊AA၊ABSDF၊ KPDF နှင့် ဗန်းမော် မြို့ခံ UGအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။