By Hlaing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပေါက်ခေါင်း – တောင်ငူလမ်းပိုင်း၌ စစ်ကောင်စီက နေ့စဥ် သစ်တန်ချိန် ရာနှင့်ချီ သစ်ခိုးထုတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ အဆိုပါလမ်းပိုင်း၌ သစ်ခိုးထုတ်မှုများရှိလာခြင်းဖြစ်ပြီး ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ သစ်စက်များတည်ဆောက်ပြီး တစ်ရက်လျှင် တန် ၃၀၀ခန့်ကို စစ်ကောင်စီက ခိုးထုတ်နေခြင်းဖြစ်သည်။
“ ခန့်မှန်းခြေအရ သစ်ခိုးထုတ်မှုက ၂၀၂၁ ကထက် အခု ၂၀၂၅ မှာ နှစ်ဆလောက် မြင့်လာတယ်။ သစ်ခိုးထုတ်မှုက အာဏာမသိမ်းခင်ကတည်းကရှိတယ်။ ဒါက အခုမှ ဆိုးလာတော့ အသံတွေထွက်လာတာ။ သစ်တွေကို ခြောက်ဘီး ကားနဲ့ထုတ်တာ၊ တစ်စီးကို ငါးတန် ဆန့်တယ်” ဟု ဒေသတွင်းအခြေအနေကိုသိရှိသူ အသက် ၂၅ နှစ်အရွယ် အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် ပဲခူးရိုးမတလျှောက် သစ်တောပြုန်းတီး၍ မိုးခေါင်ရေရှားဒေသဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် သစ်ခိုးထုတ်နေသည့် စစ်တပ်ကို တားဆီးပေးရန် လိုလားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
“ ဒေသခံတွေ ထင်းသုံးလို့ တောမပြုန်းဘူး။ ဒေသခံတွေက အပင်သေးလောက်ပဲ ခုတ်ရတာ၊ အပင်ကြီးတွေက စီးပွားဖြစ်လုပ်နေကြတာပဲ။ လုပ်ငန်းရှင်တွေကတော့ ချမ်းသာသထက်ချမ်းသာလာတာပေါ့။ တောတွေက နောက်နှစ်နည်းနည်းဆို ရှိတော့မှာမဟုတ်ဘူး” ဟု အသက် ၄၀ အရွယ် ပေါက်ခေါင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ သစ်ခိုးထုတ်မှုများတွင် ပြည်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၁၉) မှ အဓိက လုံခြုံရေး ရယူပေးထားကာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများနှင့် သစ်တောဝန်ထမ်းများ ပါဝင်နေပြီး အကျိုးအမြတ်များစွာ ရရှိနေကြကြောင်း သိရသည်။
“ သစ်ခိုးထုတ်ပြီး သူတို့ သစ်ကားလမ်းကြောင်းနဲ့ မြို့ပေါ်ကိုဆင်းတာမှာ လမ်းက ဖွင့်တဲ့ရက်နဲ့ မဖွင့်တဲ့ရက်ဆိုပြီးရှိသေးတယ်။ တိုက်ပွဲမဖြစ်ဘဲ လမ်းဖွင့်တဲ့ရက်တွေမှာဆိုရင် အစီး ၅၀ ကနေ ၁၀၀ အထိဆင်းပါတယ်။ စစ်တပ်ကဘဲ အခွန်ပြန်ကောက်တာ တစ်စီးကို ငါးသိန်းဝန်းကျင်နဲ့။ စကစ နဲ့ လုပ်ငန်းရှင်တွေ ညှိလုပ်ကြတာပါ၊ အရင်က တရားဝင်လုပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေတောင်မှ ပါသေးတယ်” ဟု ဒေသတွင်းအခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ပဲခူးရိုးမသည် မြန်မာ့မျိုးရင်း သစ်မာအမျိုးအစားဖြစ်သည့် ကျွန်း၊ ပျဥ်းကတိုးတို့ထွက်ရှိသည့် ဒေသတစ်ခုဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
“ ဒေသခံတွေက တောပြုန်းမှာကို စိတ်ပူနေကြတယ်။ ကျတော်တို့သမဂ္ဂကတော့ ဒီကိစ္စကို ဒေသခံ ပကဖရဲဘော်တွေကဦးဆောင်ပြီး အရေးယူပေးဖို့၊ သစ်တောတွေကို ကာကွယ်ကြဖို့ တိုက်တွန်းချင်တယ်” ဟု ပြည်မြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုသက်နှင်းအောင်က ဆိုသည်။
ထိုကဲ့သို့ သစ်ခိုးထုတ်မှုများကြောင့် သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးခြင်း၊ သစ်တောပြုန်းတီးမှုကြောင့် သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကို ထိမ်းသိမ်းစောင့်ရှောက်ရာတွင် ပိုမိုခက်ခဲခြင်းတို့ကို တွေ့ကြုံနိုင်ရကြောင်း သစ်တောဦးစီးဌာနမှ CDM ပြုလုပ်ထားသည့် အသက် ၃၀ အရွယ် အရာရှိတစ်ဦးက ဆိုသည်။
“ တရားဥပဒေစိုးမိုးစဥ်ကာလမှာတောင် သစ်ခိုးထုတ်နေတာတွေက ရှိနေခဲ့တယ်။ အခုလို ကာလမျိုးမှာ အရေးယူမဲ့သူတွေကိုက ပါဝင်ပတ်သက်နေကြတာဆိုတော့ သစ်ခိုးထုတ်တဲ့သူတွေက လွယ်လွယ်ကူကူနဲ့ ပြောင်ပြောင်တင်းတင်းကို ခိုးယူနေကြတာပေါ့” ဟု အဆိုပါ အရာရှိက ဆိုသည်။
ပြည်ခရိုင်တွင် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ ပါရှိပြီး ပေါက်ခေါင်းမြို့မှာ ပဲခူးရိုးမအစပ်ပေါ်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ ပဲခူးရိုးမသာမက မြန်မာနိုင်ငံတဝန်းတွင် တရားမဝင်သစ်ထုတ်လုပ်ငန်းများ ပိုမိုများပြားလာနေပြီး သစ်တောပြုန်းတီးမှုများလည်း သိသိသာသာ ပိုမိုမြင့်တက်လာသည်။
စာတည်း-ကိုဆန်း