By Maung Dagon/MPA
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့အနီးကို ဗဟိုပြုပြီး တစ်နာရီအတွင်း ငလျင် လေးကြိမ်လှုပ်ခတ်ခဲ့ကာ ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကာ ဒေသခံများ စိုးရိမ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်မှုအရ ယနေ့( မတ် ငါးရက်)၊ နံနက် ၄နာရီ ၃၆ မိနစ်ခန့် တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ)၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၅ဒဿမ ၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု စတင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု သုံးကြိမ်ရှိခဲ့ပြီး နံနက် ၄နာရီ ၅၄ မိနစ်ခန့်တွင် အင်အား ရစ်ခ်တာစကေး ၄ ဒဿမ ၈ အဆင့်ရှိ တစ်ကြိမ်၊ နံနက် ၅နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ရစ်ခ်တာစကေး ၃ ဒဿမ ၅ အဆင့်ရှိ တစ်ကြိမ်နှင့် နံနက် ၅နာရီ ၂၃ မိနစ်ခန့်တွင် အင်အား ရစ်ခ်တာစကေး ၃ ဒဿမ ၁ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်များလှုပ်ခတ်ခဲ့သည်။
အဆိုပါ နောက်ဆက်တွဲ မြေငလျင်သုံးကြိမ်မှာ ညောင်တုန်းမြို့ အရှေ့တောင်ဘက် ၁၀မိုင်၊ ၂၃မိုင်နှင့် ၂၅မိုင် အကွာတို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
” တော်တော်ပြင်းတယ်လို့ ထင်လို့ အိမ်အောက် ဆင်းနေကြတာ မနက် မိုးလင်းမှ အိမ်ပေါ်ပြန်တက်ကြတယ်။ သုံးလေးကြိမ်လောက် လှုပ်သွားတာ။ မြေပေါ်ရပ်နေရင်းတောင် ခေါင်းမူးတယ်” ဟု မအူပင်မြို့နေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခု မြေငလျင် လှုပ်ခတ်မှု လေးကြိမ်သည် မြေအောက်အနက် ၁၀ ကီလိုမီတာနှင့် ၁၈ ကီလိုမီတာတို့၌ ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ဧရာဝတီတိုင်းရှိ ညောင်တုန်း၊ မအူပင်၊ ပုသိမ်၊ မော်ကျွန်း စသည် မြို့နယ်များ၌ မြေငလျင် လှုပ်ခတ်မှု အရှိန်အား သိသာစွာ ခံစားခဲ့ရသဖြင့် ဒေသခံများ နေအိမ်အောက်သို့ ဆင်းနေရသည်များရှိခဲ့သည်။
ထို့ပြင် ယနေ့ နံနက်ပိုင်း မြေငလျင် ဆက်တိုက်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များ ယိမ်းထိုးသွားသည်အထိ ဖြစ်ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားမှုအရသိရသည်။
” ကျတော်က ခုနှစ်လွှာမှာနေတာ၊ မနက်က သိမ့်ခနဲ တုန်သွားလို့ လန့်နိုးတော့ တိုက်ကြီးက ယိမ်းထိုးနေတယ်။ တော် တော်ကို သိသာပါတယ်” ဟု ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ နေထိုင်သည့် အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ ငလျင်လှုပ်ခတ်မှု အရှိန်ကို သိသိသာသာ ခံစားခဲ့ရခြင်း ဖြစ်ပြီး ဆက်တိုက် ငလျင် လှုပ်ခတ်မှုများကြောင့် စိုးရိမ်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။
” ဟိုတစ်နေ့ကလည်း လှုပ်သေးတယ်။ တိုက်တွေပါ တုန်ခါနေတာဆိုတော့ ကြောက်တယ်။ ရန်ကုန်တိုက်တွေက ငလျင် ဒဏ်ခံနိုင်လား မခံနိုင်လားလည်း မသိဘူးလေ” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ယခုငလျင်လှုပ်ခတ်မှု လေးကြိမ်အား ရန်ကုန်တိုင်းအတွင်းရှိ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ထန်းတစ်ပင်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံ၊ တာမွေ စသည့် မြို့နယ်၌ သိသိသာသာခံစားခဲ့ရသည်။
ပြီးခဲ့သည့် မတ် ၃ရက်ကလည်း တိုက်ကြီးမြို့ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ယနေ့ ထပ်မံငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့နေပြည်သူများ စိုးရိမ်နေခြင်းလည်းဖြစ်သည်။
” ဒုန်းဆိုပြီး လေတိုက်သလို အသံနဲ့ တိုက်က တုန်ခါသွားတာ ပြေးဆင်းရမလား ပြိုကျလာမလား ကြောက်တာပေါ့ဗျာ၊ တိုက်ပြိုသွားရင် ဘယ်လိုလုပ်မလည်း တွေးကြောက်မိတယ်” ဟု တောင်ဥက္ကလာပမြို့နယ်၌ နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ မြေငလျင်ပညာရှင်များကို ဖုန်း နှင့် လူမှုကွန်ရက်များမှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားမှုမရှိသေးပေ။
မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့်ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး ယင်းငလျင်ကြောများသည် အင်အားရစ်ခ်ျတာစကေး ၆ နှင့်အထက်လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများဖြစ်သည်။
ထို့ပြင် ရစ်ခ်ျတာစကေး ၂ မှ ၅ အထိလှုပ်ခတ်တတ်သည့် မြေငလျင်ကြောငယ် လေးဆယ်ခန့်ရှိသည့်အတွက် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေးခံစားရနိုင်ပြီး ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်ကြီးမားသည့် နိုင်ငံများတွင်ပါ၀င်သည်။
မြန်မာနိုင်ငံ၌ အင်အားကြီးငလျင်များကြောင့် လူသေဆုံးခဲ့မှုများသည် ၁၉၃၀ ခုနှစ်က စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် အင်အးရစ်ခ်ျတာစကေး ၇ ဖြင့်လှုပ်ခတ်ခဲ့ပြီး လူ ၅၅၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်သည် ရှမ်း ပြည်နယ်အရှေ့ပိုင်း၌လှုပ်ခတ်ခဲ့မှုကြောင့် လူ ၈၀ သေဆုံးခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ကာ မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေကာ ယင်းပြတ်ရွေ့တစ်လျှောက်တွင် မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် ရန်ကုန်စသည့် မြို့ကြီးများ တည်ရှိနေကာ ရစ်ခ်ျတာစကေး ၇ အထိ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် နှစ်ပေါင်း ၉၀ ကျော်ရှိပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ပြန်လည် လှုပ်ခတ်နိုင်မှုကိုလည်း သတိထားရမည်ဖြစ်သည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
စာတည်း-ကိုဆန်း
Photo-MPA (ပုံစာ-အထပ်မြင့်တိုက်များရှိသည့် ရန်ကုန်မြို့တွင်း တစ်နေရာအားတွေ့ရစဉ်)