By Maung Dagon /MPA
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီးကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့၌ သိသိသာသာခံစားခဲ့ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မတ် သုံးရက်)၊ နံနက် ၁၀နာရီ ၊ သုံးမိနစ်ခန့်တွင် တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ခုနှစ်မိုင်ခန့်အကွာ၊ အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ဒဿမ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တိုင်းရှိ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များ၌လည်း သိသိသာသာ ခံစားခဲ့ရသည့်အပြင် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်ပါ ငလျင်လှုပ်ခတ်မှုကို သိရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“ လမ်းလျှောက်နေရင်း ခေါင်းမူးသွားတယ်။ ပြီးတော့မှ ငလျင်လှုပ်တယ်ဆိုတာကို သိရတာ ” ဟု သင်္ဃန်းကျွန်း၊ စံပြစျေးအနီးနေထိုင်သူ တစ်ဦးက ပြောသည်။
ယခုလှုပ်သည့် ငလျင်သည် အင်အားနည်းသော်လည်း မြေအောက် အနက် ကီလိုမီတာ အနည်းငယ် ခန့်ကို ဗဟိုပြုလှုပ်ခြင်း ဖြစ်၍ ငလျင်အရှိန်အား သိသာစွာခံစားရခြင်းဖြစ်သည်။
“ ငလျင်က အင်အားအနည်းငယ်ဆိုပေမဲ့ ဇောက်တိမ်တဲ့အတွက် အတော်များများသိသာခံစားလိုက်ရတာ၊ တိုက်ကြီးငလျင်က မကြာခဏလှုပ်တတ်တယ်။ ၂၀၁၉ တုန်းကဆို အခုထက်အင်အားနည်းတဲ့ငလျင်လှုပ်ခတ်ခဲ့ပေမဲ့ ရန်ကုန်မှာ တိုက်အချို့ တိမ်းစောင်းသွားတဲ့အပြင် ရွှေတိဂုံစေတီတော်ရဲ့ အရံစေတီအချို့ စိန်ဖူးတော်တွေမြေခခဲ့သေးတယ် ” ဟု မြေငလျင်ပညာရှင်တစ်ဦးကပြောသည်။
တိုက်ကြီးမြို့၌ ၂၀၁၇ မတ်လကလည်း အင်အား ရစ်ချတ်တာစကေး ၅ ဒဿမ ၈ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူသေဆုံး ဒဏ်ရာရမှုများနှင့် အဆောက်အဦ အများအပြား ထိခိုက်မှုများ ရှိခဲ့သေးသည်။
အလားတူ ၂၀၁၉ နိုဝင်ဘာ ၁၂ရက်က တိုက်ကြီးမြို့ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၁ အဆင့်ရှိ အင်အားအနည်းငယ်သာရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်ကြောင့် တိုက်အချို့ တိမ်းစောင်းမှုများဖြစ်ပေါ်ခဲ့သည်။
“ အခုလှုပ်တဲ့ ငလျင်က စက္ကန့်ပိုင်းလောက်ပဲကြာတယ်။ အများဆုံး သုံးစက္ကန့်လောက်ပဲရှိတယ်။ အခုထက် အချိန်ကြာပြီး အင်အားပြင်းရင် ရန်ကုန်မြို့က တိုက်တွေကိုတော့ မတွေးရဲဘူး ” ဟု အရှေ့ဒဂုံမြို့နယ်တွင်နေထိုင်သည့် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့်ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး ယင်းငလျင်ကြောများသည် အင်အားရစ်ခ်ျတာစကေး ၆ နှင့်အထက်လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများဖြစ်သည်။
ထို့ပြင် ရစ်ခ်ျတာစကေး ၂ မှ ၅ အထိလှုပ်ခတ်တတ်သည့် မြေငလျင်ကြောငယ် လေးဆယ်ခန့်ရှိသည့်အတွက် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေးခံစားရနိုင်ပြီး ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်ကြီးမားသည့် နိုင်ငံများတွင်ပါ၀င်သည်။
မြန်မာနိုင်ငံ၌ အင်အားကြီးငလျင်များကြောင့် လူသေဆုံးခဲ့မှုများသည် ၁၉၃၀ ခုနှစ်က စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် အင်အးရစ်ခ်ျတာစကေး ၇ ဖြင့်လှုပ်ခတ်ခဲ့ပြီး လူ ၅၅၀ ကျော်သေဆုံးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်သည် ရှမ်း ပြည်နယ်အရှေ့ပိုင်း၌လှုပ်ခတ်ခဲ့မှုကြောင့် လူ ၈၀ သေဆုံးခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ကာ မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိရှိနေကာ ယင်းပြတ်ရွေ့တစ်လျှောက်တွင် မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးနှင့် ရန်ကုန်စသည့် မြို့ကြီးများ တည်ရှိနေကာ ရစ်ခ်ျတာစကေး ၇ အထိ လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်သည် နှစ်ပေါင်း ၉၀ ကျော်ရှိပြီဖြစ်သောကြောင့် အင်အားပြင်းငလျင်ပြန်လည် လှုပ်ခတ်နိုင်မှုကိုလည်း သတိထားရမည်ဖြစ်သည်။
ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများ ကာရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
စာတည်း-ကိုဆန်း