By Ko Paing /MPA
မကွေးတိုင်း၊ချောက်မြို့နယ်၊ အမှတ်သုံး ပြည်ထောင်စုလမ်းမပေါ် ပေါ်တာဆွဲရန် စောင့်နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း Chauk Guerrilla Force က သတင်းထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်)နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ချောက်မြို့နယ်၊အမှတ်သုံး ပြည်ထောင်စုလမ်းမပေါ် ပေါ်တာဆွဲရန်နှင့်ငွေကြေးလည်း ကောက်ခံနေသော စစ်သား ၁၀ ဦးဝန်းကျင်ကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က ကျတော်တို့ ထောင်ထားတဲ့ မိုင်းပေါ်မှာ မတ်တပ်ရပ်နေတဲ့ချိန် မိုင်းဆွဲလိုက်တာပါ”ဟု အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က MPAသို့ ပြောသည်။
မိုင်းဆွဲသည့်နေရာသည် စစ်တပ် စစ်ဆေးရေးဂိတ်ရော ရဲစခန်းနှင့်ပါ နီးပြီး မိုင်းထိပြီးနောက် ရမ်းသန်း ပစ်ခတ်ကြကြောင်း သိရသည်။
“ကျတော်တို့ ရဲဘော်တွေ လက်နက်တက်ကောက်ဖို့လုပ်ချိန်မှာ ရမ်းပစ်တာ။အဲ့ဒီမှာ ခြေပြတ်၊လက် ပြတ်တွေ မြင်ခဲ့ရတယ်”ဟု Chauk Guerrilla Force တာဝန်ခံ Ko Paing က ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာစစ်သားများကို မိထ္ထီလာစစ်ဆေးရုံသို့ပို့ဆောင်နိုင်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ချောက်မြို့နယ်(ပကဖ)နှင့်မကွေးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML