By Nway / MPA
၂၀၂၅ခု၊ နှစ်လတာအတွင်း လူမှုကွန်ရက်ပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေး အဖွဲ့များအား အားပေးထောက်ခံကြောင်း ရေးသား ဆက်သွယ်မှုများကြောင့် ပြည်သူ၂၀ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီနှစ်လတာအတွင်း မြို့ပေါင်း ၁၄မြို့နယ်မှ အွန်လိုင်းအသုံးပြုသူ ၂၀ ဖမ်းဆီးခံခဲ့ရကြောင်း Data For Myanmar က ယနေ့ ( ဖေဖော်ဝါရီ ၂၈ရက် ) သတင်းထုတ်ပြန်သည်။
“လူမှုကွန်ရက်၊အထူးသဖြင့် ဖေ့စ်ဘွတ်ခ်ဆိုတာ ပြည်သူရင်ပြင်၊ပြည်သူတို့ စုဝေးရာနေရာ၊ပြည်သူတို့ အတွက် အရေးပါတဲ့ သတင်းအချက်အလက်စီးဆင်းရာနေရာ။နိုင်ငံတကာကတောင် ပါးစပ်အဟောင်းသားနဲ့ ဦးညွှတ်ခဲ့ရတဲ့ အသံတိတ်သပိတ်ဆိုတာ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ စ တင်ခဲ့ကြတာဆိုတော့ အာဏာရူးတွေက ဖေ့စ်ဘွတ်ခ်ဆိုတာကြီးကို မျက်ခြေမပြတ်စောင့်ကြည့်နေ မယ်ဆိုတာ အထူးသတိပြုစေချင်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
စစ်အာဏာသိမ်းမှု လေးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ပြီး လူထုလှုပ်ရှားမှုများ၊ တော်လှန်ရေးအဖွဲ့အစည်းများအား ထောက်ခံအားပေးမှုများ ရေးသားခဲ့သောကြောင့်ဖမ်းဆီးခံရသူ ပြည်သူ ၁၈၈၄ဦးထိ ရှိကြောင်း Data For Myanmar က ဆိုသည်။
၂၀၂၂ခုတွင် ၈၇၄ဦး၊ ၂၀၂၃ခုတွင် ၆၁၅ဦး၊ ၂၀၂၄ခုတွင် ၃၇၅ဦး ဖမ်းဆီးခံခဲ့ရပြီး ပျမ်းမျှအားဖြင့် တလလျှင် ပြည်သူ ၅၀ခန့် ဖမ်းဆီးခံနေရကြောင်း Data For Myanmar က ဆိုသည်။
၂၀၂၂ခုနှင့် ၂၀၂၃ခုတွင် ဖမ်းဆီးခံခဲ့ရသည့် အွန်လိုင်းအသုံးပြုသူ ပျမ်းမျှ ၇၀၀ ကျော်ရှိပြီး ၂၀၂၄ခုတွင် ဖမ်းဆီးခံရသူ ထက်ဝက် လျော့ကျသွားကြောင်း သိရသည်။
ဖမ်းဆီးခံရမှု ကျား၊မအချိုးတွင် အမျိုးသားများ အများဆုံးဖမ်းဆီးခံခဲ့ရပြီး တစ်နိုင်ငံလုံးအနက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ အများဆုံးဖမ်းဆီးခံခဲ့ရသည်။
၂၀၂၂ခု၊ ဇန်နဝါရီ ၂၅ရက်တွင် စစ်ကောင်စီသည် လူမှုကွန်ရက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က နှင့် ၅၀၅- က၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ – က နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စာတည်း-ML