By Nway / MPA
ဖေဖေါ်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး ၅၃ဦးအပါအဝင် ၁၀၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီတစ်ရက်မှ ၂၈ရက်အထိ စစ်အုပ်စုကြောင့် အမျိုးသမီး၅၃ဦးနှင့် အမျိုးသား၅၃ဦး စုစုပေါင်း ၁၀၆ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်သည်။
“ဖေဖေါ်ဝါရီလထဲမှာ ကျတော်တို့ မုံရွာနဲ့ချောင်းဦးပေါ့။ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာရော လက်နက်ကြီးနဲ့ ပစ်တာရောပဲ။ပြည်သူတွေ သေကြတယ်။ပြီးတော့ ကျောက်ခွက်ရေနံမှော် ထဲက ဘုန်းကြီးကျောင်း၊PDFရဲဘော် မင်္ဂလာဆောင်ကျင်းပနေတုန်း ဗုံးကြဲခံရတာ။ပြဿနာက မင်း အောင်လှိုင်သတ်ချင်တိုင်းသတ်နေတာကို ကမ္ဘာကြီးက ခွင့်ပြုပေးနေတာပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
သေဆုံးသူ ၁၀၆ဦးထဲတွင် အသက်၁၈နှစ်အောက် ကလေး ၁၆ဦး ပါဝင်ကြောင်းလည်း AAPP က ဆိုသည်။
သေဆုံးသူများအနက် မကွေးတိုင်းမှာ ၂၇ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၂၆ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။
သေဆုံးသူများအနက် ၇၈ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းမှ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနှစ်ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။
ဖေဖေါ်ဝါရီ၂၅ရက်တွင် ပေါက်မြို့နယ်၊ဆုံကုန်းရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့ရာ ၁၂ဦးသေဆုံးပြီး ၂၂ဦး ဒဏ်ရာရခဲ့သည်။
စာတည်း-ML