By Ra Wai / MPA
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်း၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၄ရက်မှ စတင်ကာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေသော်လည်း စစ်တပ်က လေယာဉ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဖေဖေါ်ဝါရီ၂၇ရက် တွင်လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် မင်းလှ အထကလေးကျောင်း တစ်ဝိုက်နှင့် ပေါက်ကုန်း ရပ်ကွက်တို့၌ နေအိမ်အပျက်အစီးများပြားပြီး လူထိခိုက်သေဆုံးမှုလည်း ရှိနိုင်ကြောင်း ဗန်းမော်မြို့ မင်းကျောင်းကုန်းရပ်ကွက် Galaxy KTV အနောက်ဘက် နေအိမ်များသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး နေအိမ်များ မီးလောက်ပျက်စီးမှုရှိခဲ့ရာ အိမ်စောင့် အရပ်သားများ ပူပေါင်းငြှိမ်းသတ်ခဲ့ရကြောင်း ညနေပိုင်းတွင်လည်း Drop Bombကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့သေးကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်သည်။
“လူမရှိတဲ့အိမ် အခိုးခံရတာဆိုတော့ ဘယ်လိုလုပ်မလဲ။တချို့လည်း အိမ်စောင့်နေခဲ့ကြတယ်။အိမ် စောင့်တွေက ယောကျာ်းတွေ။အိမ်စောင့်ချင်း ရိုင်းပင်းနေကြတာပေါ့။တချို့ကျတော့ ပြေးစရာမြေမ ရှိဘူး။ပိုက်ဆံလည်း မတတ်နိုင်ဘူးဆိုတော့ ဖြစ်ချင်ရာဖြစ် ကံကိုပုံအပ်ပြီး ကျန်ခဲ့တဲ့ ပြည်သူတွေရှိ တယ်။ကျန်ခဲ့တဲ့ ပြည်သူတွေ သေကြတာ သေနတ်မှန်တာမဟုတ်ဘူး။လေကြောင်းနဲ့ လက်နက်ကြီး မှန်ကြတာ။စစ်တပ်ပစ်တာ။ဒီနေ့(ဖေဖေါ်ဝါရီ၂၈ရက်) မြေပြင်တိုက်ပွဲ ငြိမ်နေတယ်လို့ ကြားတယ်” ဟု ဒေသခံ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် MPAသို့ပြောသည်။
ဖေဖေါ်ဝါရီ၂၆ရက်တွင်လည်း ဗန်းမော်မြို့၊ဗဟာရီးရပ်ကွက်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ယခု အပတ်အတွင်း ဗန်းမော်မြို့ နှင့် နီးစပ်ရာ ရပ်ရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနိုင်သည်ဟု သတင်းရရှိထားကြောင်း ထို့ကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ကတုတ်ကျင်းနှင့် ဗုံးခိုကျင်းများကို အသင့်အနေအထားနှင့် အကောင်းဆုံးပြုပြင်မွမ်းမံထားရန် Banmaw Scout Team က အကြံပြုသည်။
စာတည်း-ML