By Ra Wai / MPA
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်များကို ဖမ်းဝရမ်းလျှောက်ထားရန် ထိုင်းအစိုးရအားတိုက်တွန်းကြောင်း Justice For Myanmar က ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) ထုတ်ပြန်လိုက်သည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်းကို ကြိုဆိုကြောင်း Justice For Myanmar က ဆိုသည်။
ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန် တိုက်တွန်းထားပြီး ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဟုလည်း ဆိုသည်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အလျင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်သဖြင့် ဖမ်းဝရမ်းလျှောက်ထားမှုလည်း လိုက်ပါလုပ်ဆောင်ရ မည်ဖြစ်ကြောင်းဆိုသည်။
“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုအချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကဆိုသည်။
ထိုင်းအာဏာပိုင်အနေနှင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုများ၏ အကြောင်းရင်းမြစ်ဖြစ်သည့် မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းရန်လိုအပ်ပြီး မြန်မာစစ်တပ်က မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေး ဆက်လက်ကျူးလွန်ရန် ဘဏ္ဍာငွေ လိုအပ်နေကြောင်း ထိုင်းနိုင်ငံအနေနှင့် စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသရွေ့နှင့် သဘာဝဓာတ်ငွေ့ဝယ်ယူမှုမှတစ်ဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသရွေ့ ဆိုက်ဘာငွေလိမ်မှုများနှင့် လူကုန်ကူးမှုတွေ ဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
” မြန်မာ့အိမ်နီးချင်းဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းနဲ့ ဆိုက်ဘာငွေလိမ်မှု ဘေးဆိုးတွေကို တုံ့ပြန်ဖြေရှင်းဖို့ ရှင်းလင်းတဲ့ တာဝန်ဝတ္တရားတစ်ရပ် ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများတည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီက လုပ်ဆောင်ထားပြီး ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမားများကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုင်းနိုင်ငံကလည်း ကြိုဆိုလက်ခံပေးခဲ့သည်။
စာတည်း-ML