By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းပြည်ပညာရေးကောင်စီ(Ta’ang Land Education Council- TLEC) ၏ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ခက်ခဲနေကြောင်း TLEC ထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများရှိသော်လည်း TLEC အနေဖြင့် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ဆရာ၊ ဆရာ ၁၅၀၀ကျော် ခေါ်ယူထားပြီး မဖွင့်လှစ်ရသေးသည့် ကျောင်းပေါင်း ၇၀၀ကျော်ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း TLEC ဒါရိုက်တာ(အခြေခံပညာရေးဌာန) မှ မိုင်းတင်အောင်က MPA ကိုပြော သည်။
“ လေကြောင်းနဲ့ ပတ်သက်ပြီး သင်ကြားမှုအပိုင်းမှာ အနှောက်အယှက်ဖြစ်ရတယ်။ လေကြောင်းရန်လည်း အင်မတန်စိန်ခေါ်မှုဖြစ်တယ်။ ဒါပေမဲ့ လေကြောင်းရန်ကာကွယ်ဖို့နဲ့ ပတ်သက်ပြီးတော့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သက်ဆိုင်ရာက ပြင်ဆင်နေပါတယ်။ သင်ထောက်ကူပစ္စည်းနဲ့ ပတ်သက်ပြီးတော့လဲ ကျောင်းတစ်ကျောင်းအတွက်၊ ကျောင်းသားတွေတစ်ဦးချင်းလိုအပ်တာတွေကိုလည်း လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးတာ ရှိတယ် ” ဟု မိုင်းတင်အောင်က ပြောသည်။
TLEC မှ ဖွင့်လှစ်ရန် လျာထားသည့် ကျောင်း ၇၀၀ကျော်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခေါ်ယူမည့် ဆရာ၊ဆရာမများလည်း TLEC ၏ စံသတ်မှတ်ချက်အရ CDM မှန်ကန်ကြောင်း ဘုတ်အဖွဲ၏ ထောက်ခံချက်၊ အနည်းဆုံး ပညာရေးဆိုင်ရာဘွဲ့ (သို) သင်တန်းဆင်းလက်မှတ် တစ်ခုခု ရရှိမှု၊ အလုပ်အပေါ်တွင် စိတ်ပါဝင်စားမှုရှိပြီး အနည်းဆုံး ပညာသင်နှစ် တစ်နှစ်အပြည့် တာဝန်ထမ်း ဆောင်နိုင်သူ ဖြစ်ရမည်ဟု ဆိုထားသည်။
ယင်းအပြင် TLEC မှ သတ်မှတ်ပြဌာန်းထားသည်း ဆရာ/မ လက်စွဲနှင့် မူဝါဒများကို လေးစားလိုက်နာနိုင်ခြင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုရှိပြီး အဖွဲအစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဒေသနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်း၊ TLEC မှ ကျင်းပပြုလုပ်သည့် သင်တန်းများနှင့် စေလွှတ်သည့် သင်တန်းများကို တက်ရောက်နိုင် သူဖြစ်ရမည်ဖြစ်ကြောင်း TLEC ကျောင်းထုတ်ပြန်ထားသည်။
TLEC ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ကာတွင်လည်း မိမိတာဝန်ကျသည့် တာဝန်အလိုက်ကို အကျိုးခံစားများလည်း ရရှိမည်ဟု ဆိုထားသည်။
“ ဆရာ၊ ဆရာမတွေရဲ့ လစာဆိုတာထက် ကျတော်တို့က သူ့တို့ရဲ့တာဝန်ယူတဲ့အပေါ်မှာ မူတည်ပြီးတော့ လစဉ် ထောက်ပံ့ပေးတာရှိတယ်။ အတန်းလိုက်( ဥပမာ- မူ၊ လယ်၊ အထက်) သတ်မှတ်ထားလည်းရှိတယ်။ ဒါပေမဲ့ လာမဲ့ ပညာသင်နှစ်မှာ နည်းနည်းတိုးပြီးမှ ထောက်ပံ့ပေးဖို့ ပြင်စဉ်ဆောင်ရွက်ထားပါတယ်” ဟု မိုင်းတင်အောင်က ပြောသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ TLEC ကျောင်းများတွင် ကျောင်းအပ်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးကို ယခင်နှစ်က ကောက်ယူခဲ့သည့် ကျပ်နှစ်သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကျောင်းဝင်ကြေး မတတ်နိုင်သည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အထောက်အထားတင်ပြနိုင်ပါက ပညာသင်ထောက်ပံ့ကြေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ စာသင်ကြားရတာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ တချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမ မလုံလောက်ဘူး။ အထက်ကိုတင်ပြလည်း ဆရာ၊ ဆရာမတွေ မပို့ပေးဘူး။ ကျောင်းသားအရေအတွက်နဲ့ ဆရာ၊ ဆရာမ အရေအတွက် မကိုက်ညီဘူး။ သင်ထောက်ကူပစ္စည်းလည်း လုံလောက်မှုမရှိဘူးလေ၊ သင်ထောက်ကူပစ္စည်း မလုံလောက်တာထက်၊ ဆရာ၊ ဆရာမ မလုံလောက်တာပိုဆိုးတယ်။ ပြီးတော့ တစ်လတစ်ကြိမ်သော်လည်းကောင်း၊ နှစ်လ တစ်ကြိမ်သော်လည်း ကောင်း မြေပြင်ကို လာရောက်စစ်ဆေးပေးစေချင်တယ် ” ဟု TLEC ကျောင်း၌ ပညာသင်ကြားပေးနေသည့် ဆရာမတစ်ဦးက ပြောသည်။
TLEC က ဆရာ၊ ဆရာမခေါ်ယူထားမှုသည် ယခင် ဆရာ၊ ဆရာမများအနေဖြင့် မေ ၂၅ရက် နောက်ဆုံးထား လျှောက်လွှာ တင်ရမည်ဖြစ်ကာ၊ ဆရာ၊ ဆရာမ အသစ်များအနေဖြင့် ဧပြီ တစ်ရက် နောက်ဆုံးထား လျှောက်လွှာ တင်ရမည်ဖြစ်သည်။
“ ကျမအတွက်တော့ အဆင်ပြေတယ်။ ကိုယ့်ဒေသပဲဆိုတော့လေ၊ အခြား CDM ဆရာ၊ ဆရာမတွေတော့ မသိဘူး။ ဒါပေမဲ့ စကားမတူတဲ့အတွက် စိန်ခေါ်မှု အနည်းနဲ့ အများရှိတယ်ပေါ့လေ၊ နေထိုင်ဖို့ကလဲ အစိမ်းသက်သက်ပေါ့၊ အချိန်ကြာလာရင်တော့ အဆင်ပြေသွားတယ် ” ဟု CDM ဆရာမတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ကာ တအာင်းမျိုးသားပညာရေးကော်မတီ(TLEC)ကို စတင်ဖွဲ့စည်းပြီးနောက် ဒေသအခြေပြု ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တအာင်းပြည် ပညာရေးကောင်စီ(TLEC)ဟု ပြောင်းလဲခဲ့ပြီး စာသင်ကျောင်းပေါင်း ၆၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမအင်အား ၃၅၀၀ကျော်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၆၆၀၀၀ကျော်ကို ပညာသင်ကြားမှုများ ပြုလုပ်ပေးလျက်ရှိသည်။