By Ra Wai / MPA
စစ်ဗိုလ်ချုပ်တို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများသာ သွင်းကုန်လိုင်စင်ကျနေကြောင်း ရန်ကုန်အခြေစိုက် အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
သွင်းကုန်လိုင်စင်များကို စစ်ကောင်စီက တင်းကျပ်စွာထိန်းချုပ်ထားပြီး ၎င်းတို့နှင့်အကျိုးတူပူးပေါင်း နေသော လုပ်ငန်းရှင်ကြီးများသာလျှင် လိုင်စင်ရကြကြောင်း သိရသည်။
“ကျတော်တို့လို ဟိုမရောက်ဒီမရောက်တွေက ဘာလိုင်စင်တင်တင် ကျမလာဘူး။လုပ်ငန်းရှင်ကြီး တွေ သွင်းတဲ့ ပစ္စည်းတွေကိုပဲ ပြန်ယူသုံးနေရတော့ ကိုယ့်ဘာသာသွင်းသလောက် ဘယ်ကိုက်မလဲ။ဒါ ပေမဲ့၊ကိုယ်က ဘာမှမသွင်းနိုင်တော့ လိုင်စင်ကျတဲ့လူတွေဆီက ပြန်ဝယ်သုံးရတာပဲ”ဟု ၎င်းက MPA သို့ ပြောသည်။
လိုင်စင်ကျနေသော လုပ်ငန်းရှင်ကြီးတို့၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“အဘဆိုတဲ့ကောင်တွေက သူတို့စိတ်ချရတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ပဲ အသံမထွက်အောင် ပေါင်းရိုက် နေကြတာ။လိုင်စင်ရနေတဲ့သူတွေရဲ့ နာမည်ကိုတော့ ထုတ်မပြောချင်ဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေမှုအရ ဆိုလာနှင့်ဆက်စပ် ပစ္စည်း များကို သွင်းကုန်လိုင်စင်ချပေးသဖြင့် အီ လက်ထရောနစ်လုပ်ငန်းရှင်များက လျှောက်ထားကြရာ စစ်ကောင်စီနှင့် နီးစပ်သူအချို့သာ လိုင်စင် ကျကြောင်း သိရသည်။
“၂၀၂၅မှာ ပို့ကုန်သွင်းကုန်တွေကို အခွန်တိုးလိုက်လို့ လိုင်စင်တွေ ကျပ်ထားတာ ဖြေလျော့ ပေးမယ်လို့ ထင်ထားတာ။ချတော့ချပေးတယ်။သူတို့နဲ့ ပတ်သက်တဲ့သူတွေကိုပဲ ချပေးတယ်”ဟု ၎င်းက ဆို သည်။
ပြည်တွင်းရှိ ဒေါ်လာများကို ထိန်းရန်အတွက် သွင်းကုန်လိုင်စင်များကို စစ်ကောင်စီက တင်းကျပ် လျက်ရှိသည့်အပြင်၂၀၂၅ခုနှစ်၊ဇန်နဝါရီတစ်ရက်မှ စတင်ကာ တင်ပို့၊တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ပေးရသည့် အခွန်အခများကို လက်ရှိကောက်ခံနေသော ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေးမှ ဈေးကွက်ရည်ညွှန်း ဈေးအတိုင်း ပြောင်းလဲကောက်ခံခဲ့သည်။
စာတည်း-ML