By Maung Dagon / MPA
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်းရှိ သန်လျင် ရေတပ်ဌာနချုပ်အနီး ဖေဖော်ဝါရီ ၂၁ရက် ည ၁၁နာရီကျော်တွင် ကျယ်လောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ အသံက အတော်ကျယ်တယ် ။ ကျတော်တို့ နာရီစင်နားထိတောင်ကြားရတယ်။ မြေကြီးပါတုန်သွားတာ၊ လိုက်မေးကြည့်တော့ ရေတပ်စခန်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုပြီး ကြားရတယ်” ဟု သန်လျင်မြို့လယ်၊ နာရီစင်အနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲသံသည် သန်လျက်ရေတပ်စခန်းဌာနချုပ်သို့ တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက မှတ်ချက်ပေးသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ ရေတပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲခံရတယ်လို့ ကြားတယ်ဗျ၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီကားများသည် သန်လျင်မြို့အတွင်း အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ပြီး ရေတပ်စခန်းသို့ သွားရောက်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
သန်လျင်မြို့ခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် လက်ရှိမြို့တွင်း စစ်ဆေးမှုများကို တင်းကျပ်စွာပြုလုပ်နေသည့်အတွက် မြို့ခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
စာတည်း-ML