By Zwe Ko/MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဘော်ဘင်ဆည်မှ ဆည်ရေလွှတ်ရန်လာသည့် ဆည်မြောင်းဝန်ထမ်း လေးဦးအနက် တစ်ဦးသည် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၉ရက်)၊ နံနက်ပိုင်းက ဘော်ဆင်ဆည် အမှတ်(၁) သို့ ဆည်ရေလွှတ်ရန်လာသည့် ဆည်မြောင်းဝန်များများသည် ပစ္စည်းများထားရှိရာ သစ်လုံးဆောင်သို့ ဝင်ရောက်ချိန် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ နင်းမိတာက ပစ္စည်းတွေထားတဲ့ အဝင်ပေါက်မှာ နင်းမိတာ၊ ကိုမျိုးကြီးထိသွားတယ်။ ကျန်တဲ့သူတွေက နည်းနည်းဝေးတော့ ထိမသွားဘူး။ ခြေထောက်နှစ်ဖက် ပြတ်သွားတယ်လို့ကြားတယ်။ ဒဏ်ရာကတော့ တစ်ကိုယ်လုံးနီးပါးရသွားတာ၊ အသက်အန္တရာယ်ရှိတယ် ” ဟု ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆည်မြောင်းဝန်ထမ်း ကိုမျိုးကြီးကို ၎င်းနှင့်အတူပါလာသည့် ဝန်ထမ်းသုံးယောက်က ရွှေတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကိုမျိုးကြီးနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဘယ်အဖွဲ့က ထောင်တဲ့မိုင်းမှန်းမသိဘူး။ အဲ့ဒီဆည်မှာက ခဏခဏ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က တပ်စွဲထားတာလည်းရှိတယ်။ PDF တွေလည်း အဲ့ဒီဘက်မှာရှိတယ်။ ဆည်မြောင်းဝန်ထမ်းတွေက အဲ့ဒီမှာ အမြဲမနေဘူး။ အကြောင်းကိစ္စရှိမှ သွားတာ ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အဆိုပါ ဘော်ဆင်ဆည်၌ မိုင်းထောင်ထားသည်မှာ တော်လှန်ရေးဘက်က ပြုလုပ်ခြင်းမဟုတ်ဘဲ စစ်တပ်နှင့် ပျူစောထီးတို့ထောင်ထားသည့် မိုင်းဖြစ်ကြောင်း BTZM GBK PDFမှ ရဲဘော် သစ္စာက ပြောသည်။
“ ဆည်အနီးတစ်ဝိုက်ကိုတော့ ကျတော်တို့တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားပါတယ်၊ ဒါပေမဲ့ အခုအခင်းဖြစ်တဲ့နေရာနဲ့ ပျူတွေစိုးမိုးထားတဲ့ဘော်ပင်ရွာက မိုင်ဝက်လောက်ပဲရှိတယ်။ အဲဒီတော့ ကျတော်တို့အလစ်မှာ မိုင်းထောင်တတွေက အရင်ကတည်းက ပျူစောထီးတွေလုပ်တာ၊ ဒါမှမဟုတ် စစ်တပ် တပ်စွဲတုန်းက ထောင်ခဲ့တဲ့ မိုင်းလည်း ဖြစ်နိုင်တယ် ”ဟု ကိုသစ္စာက ပြောသည်။
ထိုကဲ့သို့ ဘော်ဘင်ဆည်အနီးပတ်ဝန်းကျင်၌ မိုင်းများ မကြာခဏပေါက်ကွဲမှုကြောင့် ဆည်မြောင်ဝန်ထမ်းများ ဆည်သို့ မလာပါက ဆည်ရေလွှတ်ခြင်းကိုဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့် ဆည်ရေကို မှီခိုအားထားနေရသည့် တောင်သူများ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ကြို့ပင်ကောက်မြို့မှ အသက် ၅၀ အရွယ်တောင်သူတစ်ဦးက ပြောသည်။
“ စပါးတွေ ဆည်ရေပြတ်သွားရင် ဘာမှ ရမှာမဟုတ်တော့ဘူး။ ခေတ်ကာလက ဘာမှန်းသိရတာမဟုတ်ဘူး။ မိုးတွင်းဘက်ဆိုလဲ ရေကြီးတဲ့အခါ ဆည်ကိုစောင့်တဲ့သူမရှိရင် ဆည်ကျိုးပေါက်မှာကိုလည်း တွေးကြောက်ရတယ် ” ဟု ၎င်းက ဆိုသည်။
သာယာ၀တီရခိုင်၊ ပဲခူးရိုးမအတွင်းရှိ ဆည်အများစုကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး ဆည်မြောင်းဝန်ထမ်းများကို အန္တရာယ်ပြု ဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။
၂၀၂၃ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် မြန်မာနိုင်ငံတွင် အသက်ဆုံးရှုံးခဲ့ရသူ တစ်ထောင်ကျော်ရှိပြီး ဆီးရီးယားနိုင်ငံထက် ပိုမိုများကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးနိုင်ငံတကာစည်းရှုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL)က ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။
မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် သက်တမ်းကုန်ဆုံးရက်မရှိကြောင်း UNICE Myanmar က ဇန်နဝါရီ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။