By Ra Wai / MPA
အခြေခံပညာ အတန်းတင်စာမေးပွဲများ ရှိသဖြင့် မော်လမြိုင်နှင့် ချောင်းဆုံတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းများခင်းခြင်းကို ယာယီပိတ်လိုက်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ရပ်ရွာများတွင် ဘာသာရေးအထိမ်းအမှတ် ခေါင်းစဉ်များ တပ်ကာ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းခြင်းကို ၂၀၂၄ခုနှစ် ပွင့်လင်းရာသီမှစ၍ ဒေသအာဏာပိုင်များနှင့် လောင်းကစားကန်ထရိုက်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြပြီး ယခုနှစ် (၂၀၂၅ခုနှစ်) ဖေဖေါ်ဝါရီ၁၇ရက်မှစတင်ကာ ပွဲပါမစ်မပေးတော့ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“အခု ဖေဖေါ်ဝါရီ၂၀မှာ ကလေးတွေ စာမေးပွဲစပြီဆိုတော့ တက္ကသိုလ်ဝင်စာမေးပွဲပြီးတဲ့အထိ ပွဲပါမစ် ပိတ်လိုက်တယ်။ အခုလောလောဆယ်ကတော့ ချောင်းဆုံလောင်းကစားဝိုင်းတွေမှာ လူတော်တော်ပါး နေပြီ”ဟု ၎င်းက MPAသို့ ပြောသည်။
၂၀၂၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ညမှ စတင်ကာ ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ များ၌ ဆွမ်းကြီးလောင်းအောင်ပွဲ၊ကထိန်ပွဲ၊ဘုရားပွဲ စသည့် ဘာသာရေးခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်ခဲ့ရာ ၂၀၂၅နှစ်စမှ စတင်၍ လောင်းကစား ပြုလုပ်သူ နည်းလာကြောင်း သိရသည်။
“အရင်က မော်လမြိုင်မှာ လောင်းကစားဝိုင်းမရှိတော့ လက်ကြီးသမားတွေကအစ ချောင်းဆုံဆင်းပြီး လာကစားကြတယ်။ နောက်ပိုင်းမှာ မော်လမြိုင်မြို့ပေါ်မှာလည်း ပွဲသွင်းပြီး လောင်းကစားဝိုင်းပေါ် တင်လုပ်လာတော့ မော်လမြိုင်ဘက်ခြမ်းက လောင်းကစားသမားတွေ ချောင်းဆုံ မဆင်းတော့လို့ လူ ပါးသွားတာ”ဟု ချောင်းဆုံမြို့နယ်၊သက္ကောရွာသားတစ်ဦးကပြောသည်။
ထို့အပြင် ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားသမားများမှာလည်း ငွေမသုံးနိုင်တော့ကြောင်း သိရသည်။
“ညတိုင်းနီးပါး ပွဲသွင်းပြီး လောင်းကစားဝိုင်းလုပ်နေတော့ ချောင်းဆုံသားတွေလည်း အကုန်ပြာနေပြီ၊ အရင်က မရှိခဲ့ဖူးတဲ့ ခိုးတာဝှက်တာ ရိုက်လုတာတွေလည်း များလာပြီ၊ သွားကစားတဲ့သူတွေက ငွေမဖြုန်းနိုင်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းပြုလုပ်နေခြင်းမှာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာအထိ အလုပ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာမှစတင်ကာ မော်လမြိုင်မြို့ပေါ်၌ ညဘက် ပေါ်တာဆွဲခြင်းကြောင့် တဖြည်းဖြည်း လူအလာနည်းသွားကြောင်း မော်လမြိုင်မြို့ပေါ်နေ လူမှုကူညီ ရေးသမားတစ်ဦးကပြောသည်။
“အုပ်ကြီးတွေဆီကနေ သိရသလောက် မော်လမြိုင် လောင်းကစားဝိုင်းတွေမှာ ငွေကောင်းကောင်း သုံးနိုင်တုန်းပဲ။ဒါပေမဲ့၊ပေါ်တာဆွဲလို့ လူအဝင်နည်းတာ၊ အုပ်ကြီးတွေက သူတို့ရပ်ကွက်မှာ ပွဲသွင်းရင် လောင်းကစားကန်ထရိုက်ကနေ လိုင်းကြေးရတော့ လူအလာနည်းရင် သူတို့လည်း ညည်းတယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် ဇာတ်ပွဲများပြုလုပ်နေသည့် ရပ်ကွက်များဝန်းကျင်၌ ပေါ်တာမဆွဲရန် ပြည်နယ်စစ်ကောင် စီ တာဝန်ရှိသူတို့က နှုတ်မိန့်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းပြုလုပ်ခြင်းကို ချောင်းဆုံစရဖ(စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့)တာဝန်ခံတပ်ကြပ်ဖြိုးမင်းထွန်းက တာဝန်ယူပြီး မော်လမြိုင်မြို့ပေါ်၌ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တင်ချို(မော်လမြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ)က တာဝန်ယူထားသည် ဟုထင်ကြောင်း မော်လမြိုင်မြို့လူမှုကူညီရေးသမားက ဆိုသည်။
“ချောင်းဆုံလောင်းကစားတာဝန်ခံ ဖြိုးမင်းထွန်းဆိုတာက သေချာတယ်။မော်လမြိုင်တာဝန်ခံက တင်ချိုလို့ ပြောကြတယ်။အတိအကျကွန်ဖန်းတော့ မလုပ်နိုင်ဘူး။သူတို့နှစ်ယောက်စလုံးက ဝန်ကြီး ချုပ်အောင်ကြည်သိန်းရဲ့ တပည့်အရင်းတွေ။တင်ချိုက မော်လမြိုင်မှာ တော်တော်ပြီးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်အတွင်း ဇာတ်ပွဲတစ်ညဌားရမ်းခ ကျပ်သိန်း၂၀ခန့်သာရှိပြီး ညစဉ် လောင်းကစားဝိုင်းများမှ အကောက်ရရှိငွေမှာ ကျပ်သိန်း၁၀၀ မှ သိန်း၁၅၀ကျော်အထိ ရရှိကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။
မော်လမြိုင်နှင့် ချောင်းဆုံ လောင်းကစားဝိုင်းများတွင် အနီထောင်၊ဂလုတ်ဂလုတ်၊ဖဲနှင့် အရုပ်လှည့် ခြင်းတို့ ကစားကြသည်။
စာတည်း-ကိုဆန်း