By Ra Wai / MPA
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စစ်ဆေးရေးဂိတ်များ၌ BGF နှင့် DKBA မှလွဲ၍ ပုဂ္ဂလိကလောင်စာ ဆီ သယ်ဆောင်လာမှုမှန်သမျှကို ဖမ်းဆီးနေကြောင်း သိရသည်။
မော်လမြိုင်မြို့မှ ဘားအံဘက်သို့ ပုဂ္ဂလိက လောင်စာဆီ သယ်ဆောင်မှုများကို ကျိုက်မရောစစ်ဆေးရေးဂိတ်များရှိ စစ်သားများက ဖမ်းဆီးသိမ်းဆည်းနေခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“အဖွဲ့အစည်းတွေ (BGF၊ DKBA) သယ်ရင် လွှတ်ပေးတယ်။ ပုဂ္ဂလိက သယ်တာ ကားအစီးလိုက်လည်း ဖမ်းတယ်။ နည်းနည်းသယ်လည်း ဖမ်းတယ်။ အခု ဒီဇယ်ရော၊ ဓာတ်ဆီရော ဖမ်းနေတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်သယ်တဲ့ ကားအစီးလိုက်ကို ဖမ်းသိမ်းလိုက်တယ်။ကျန်တဲ့ နည်းနည်းပါးပါးသယ်တာ ဘယ်လောက်ထိ ဖမ်းသိမ်းခံရသလဲတော့ မသိဘူး”ဟု ၎င်းက MPA သို့ ပြောသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ အတ္ထံရံတံတားနှင့် ဇာသပြင်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် DKBA စီးပွားရေးတာဝန်ခံ တို့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် မြို့နယ်အချို့သို့ဆင်းကာ ဒီဇယ်ဆီများကို အမြောက်အ မြားဝယ်ယူလျက်ရှိရာ ယင်းမြို့နယ်များ၌ ဒီဇယ်ဆီဈေးတက်ကာ ရှားပါးလျက်ရှိသည်။
“BGFနဲ့ DKBA ဆီလာဝယ်တာကို ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)က ခွင့်ပြုထားတယ်လို့ ကြားတယ်။ရတခက အခရာပဲ။မွန်ဝန်ကြီးချုပ်တို့ဘာတို့က ရတခ ကိုကျော်လို့မရဘူး”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဖေဖေါ်ဝါရီ၅ရက်မှစတင်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ နယ်စပ် မြဝတီ၊ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များသို့ လျှပ်စစ်မီး၊အင်တာနက်နှင့် လောင်စာဆီ တင်သွင်းမှုကို ထိုင်းအစိုးရက ရပ်ဆိုင်းခဲ့ရာ BGF နှင့် DKBA တို့သည် ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့မှ ဒီဇယ်များ လိုက်လံ ဝယ်ယူကာ မြဝတီ၊ဘုရားသုံးဆူနှင့် ရွှေကုက္ကိုလ်တို့သို့ ပို့ဆောင်နေခြင်းဖြစ်သည်။