By Ra Wai / MPA
မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ်ကို အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်သေးကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၉ရက်)နံနက်ပိုင်းတွင် မော်လမြိုင်မြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီဆိုင်များတွင် ဒီဇယ်ဆီ ပြန်လည်ရောင်းချပေးနေသော်လည်း ကားများကိုသာ အကန့်အသတ်ဖြင့် ရောင်းချကာ ပါဆယ်ဝယ်ယူခွင့် မပြုကြောင်း မော်လမြိုင်မြို့သတင်းရင်းမြစ်ထံက သိရသည်။
“ဆိုင်တိုင်းကတော့ လိုသလောက် ရောင်းမပေးဘူး။တချို့ဆိုင်တွေက တစ်သိန်းဖိုးအများဆုံး ရောင်း ပေးတယ်။တချို့ဆိုင်က ရောင်းပေးတာ တစ်သိန်းအောက်ပဲ။ဆိုင်တိုင်းကတော့ ပါဆယ်လာဝယ်တာ မရောင်းဘူး။ဒီဇယ်ကားတွေ တန်းစီဝယ်တာပဲ ရောင်းပေးတယ်”ဟု ၎င်းက MPA သို့ ပြောသည်။
ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် DKBA တို့က ဒီဇယ်ဆီ အ များအပြား လာဝယ်သွားခြင်းကြောင့် ဖေဖေါ်ဝါရီ၁၄ရက်မှစတင်ကာ မော်လမြိုင်အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် ဒီဇယ်ဆီ စတင်ရှားပါးခဲ့ခြင်းဖြစ်သည်။
“ဆိုင်တွေမှာ အခု ဒီဇယ်ပါဆယ်မရဘူးဆိုတော့ တချို့ ဒီဇယ်ကားတွေက ဆိုင်မှာ ဆီဖြည့်ပြီး အပြင် မှာ ဒီဇယ်လိုတဲ့သူတွေကို ဈေးတင်ပြီး ပြန်ရောင်းတာမျိုး လုပ်နေကြတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
တရားဝင် ဆီဆိုင်ကြီးများတွင် ရောင်းချနေသော ယနေ့ ဒီဇယ်ဆီ တစ်လီတာဈေးမှာ ၃၄၅၅ကျပ်ဖြစ် ပြီး တရားမဝင်ဆီဆိုင်များက တစ်လီတာလျှင် ကျပ်၄၅၀၀မှ ကျပ်၅၀၀၀ အထိ ရောင်းချလျက်ရှိ သည်။
“မီးစက်တို့ စိုက်ပျိုးရေးအတွက်တို့ပေါ့။လုပ်ငန်းသုံးအတွက် ဒီဇယ်လိုတဲ့သူတွေက အပြင်ဆိုင်တွေမှာ ဝယ်ရတယ်။လိုသလောက်ပဲ ဝယ်ကြပါတယ်။အများကြီး ဝယ်မစုထားကြဘူး။အပြင်ဆိုင်တွေက လည်း ရောင်းစရာ အများကြီး မရှိဘူး”ဟု ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ၅ရက်မှစတင်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ နယ်စပ် မြဝတီ၊ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များသို့ လျှပ်စစ်မီး၊အင်တာနက်နှင့် လောင်စာဆီ တင်သွင်းမှုကို ထိုင်းအစိုးရက ရပ်ဆိုင်းခဲ့သည်။ယင်းနောက် BGF နှင့် DKBA တို့သည် ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့မှ ဒီဇယ်များ လိုက်လံ ဝယ်ယူကာ မြဝတီ၊ဘုရားသုံးဆူနှင့် ရွှေကုက္ကိုလ်တို့သို့ ပို့ဆောင်နေခြင်းဖြစ်သည်။
စာတည်း-ML