By Crystal/MPA
စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေများကြောင့် နယ်စပ်ဒေသသို့ ရွှေ့ပြောင်းအခြေချနေထိုင်ကြရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေသည့် သတင်းသမားများအတွက် လုပ်ဖော်ကိုင်ဖက် သတင်းသမားအချင်းချင်း စုပေါင်းတိုင်ပင်ကာ လစဉ်ရိက္ခာထောက်ပံ့ရေး အစီအစဉ် လုပ်ဆောင်ပေးနေကြောင်း နယ်စပ်ရောက် မြန်မာသတင်းသမားများထံမှ သိရသည်။
အဆိုပါ “ နယ်စပ်ရောက် သတင်းသမားများအတွက် လစဉ်ရိက္ခာထောက်ပံ့ရေး ” အစီအစဉ်ကို ယခုနှစ်(၂၀၂၅ ခုနှစ်)၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေကြသော ရိက္ခာလိုအပ်ချက်ရှိနေသည့် သတင်းသမား မိသားစုများအား ဖေဖော်ဝါရီ ၁၅ ရက် မှ ၂၀ ရက်နေ့ အထိ ရိက္ခာထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
” အခုလို လစဉ်ရိက္ခာမျှဝေမယ်ဆိုတာကလည်း ဘယ်နှစ်လစာ၊ ဘယ်လောက်ပမာဏ အသင့်ရှိလို့ရယ် မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းဆီကမှ ထောက်ပံ့မှုကို လက်ခံဖို့လည်း မရှိပါဘူး။ လုပ်ဖော်ကိုင်ဖက် စိတ်ဓာတ်နဲ့ အချင်းချင်း ပြန်ကူညီကြ၊ ပြန်စောင့်ရှောက်ကြတယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ သူတွေဆီက တဦးချင်းပါဝင်မှုနဲ့ပဲ လုပ်ကြတာဖြစ်လို့ ကာလသတ်မှတ်ချက်မရှိပါဘူး။ နှစ်လပဲ မျှနိုင်မျှနိုင်၊ သုံးလပဲ မျှနိုင် မျှနိုင်သဘောထားပါတယ်။ သုံး၊လေးလလောက် နဲ့ အဆင်ပြေသွားလို့ အကူအညီမလိုအပ်တော့ဘူး ဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ” ဟု ယင်းအစီအစဉ်တွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် သတင်းထောက်အမျိုးသမီးတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှစပြီး သတင်းသမားဦးရေ ၂၀၀ ကျော်သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား ၄၃ ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယင်းအခြေအနေများကြောင့် သတင်းသမားအဖြစ် မြန်မာပြည်တွင်း၌ ဆက်လက်နေထိုင်ရပ်တည်ရန် အဘက်ဘက်မှ လုံခြုံမှုမရှိသဖြင့် သတင်းသမားအများစုသည် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချနေထိုင်ကြရပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

” တချို့ဆိုရင် ပြည်တွင်းထဲက မိသားစုတွေ မလုံခြုံတဲ့အတွက်၊ စစ်ကောင်စီက အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့အတွက် မိသားစုတစုလုံး ခေါ်ထားရပြီး ဝန်အကြီးကြီးထမ်းနေကြရတာတွေရှိကြတယ်။ အခုနောက်ပိုင်းမှာလည်း သတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် အထောက်အကူပေးနေတဲ့ အဖွဲ့အစည်းတွေဆီက အထောက်အပံ့တွေ ရပ်လိုက်တဲ့အခါ မူလက မလောက်မငရနေတဲ့ လုပ်ခလစာတွေတောင်မှ မရတော့တဲ့ အခြေအနေနဲ့ ရုတ်တရက်ရင်ဆိုင်လိုက်ကြရတယ်။ အဲဒီလိုအခြေအနေမှာ နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်တွေ အစစအရာရာ ကြီးမားပြီး မိသားစုဘဝ ရပ်တည်ရေးအတွက် ခက်ခဲလာကြတယ် ” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ်အတွင်း မြန်မာသတင်းသမား ၃ ဦး အပါအဝင် ကမ္ဘာတစ်ဝန်း၌ အနည်းဆုံးသတင်းထောက် ၁၂၄ ဦး သေဆုံးမှုရှိခဲ့ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ-CPJ ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ လုံခြုံရေးအရ ရွှေ့ပြောင်းလာကြသူများတွင် တစ်ကိုယ်တည်း သတင်းသမားများလည်း ပါဝင်သကဲ့သို့ အချို့မှာ မိသားစုလိုက် ရွှေ့ပြောင်းလာကြသူများလည်း ရှိပြီး မိသားစုလိုက်ရွှေ့ပြောင်းလာကြသူများအထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုမိဘများလည်း ပါဝင်ကြောင်း သိရသည်။
” တောင့်ခံရင်း တောင့်ထားရင်းနဲ့ ရပ်တည်မှု စားဝတ်နေရေးပိုင်းမှာ တဖြေးဖြေး ယိုပေါက်တွေ များလာတယ်။ ခက်ခဲလာပါတယ်။ ကျမတို့ သတင်းသမားတွေရဲ့ရပ်တည်ချက်၊ ခံယူချက်နဲ့ အားတင်းရတာ ဆိုပေမဲ့ ခက်ခဲတာတော့ အမှန်ပဲ၊ အခုလို ခက်ခဲနေတဲ့ အနေအထားတစ်ခုမှာ သတင်းသမားတွေအတွက် ဆန်ဆီနဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းထောက်ပံ့ပေးတာကို အရမ်းဝမ်းသာကျေနပ်ရပါတယ်။ ကိုယ့်သတင်းအဖွဲ့အစည်းက ကူညီပံ့ပိုးတာလို့ သိရတော့ ပိုပြီးတောင် ဂုဏ်ယူလို့မဆုံးဘူး။ သတင်းသမားအချင်းချင်း လေးစား၊ စာနာမှုအပေါ် အများကြီး ကျေးဇူးတင်ပါတယ်” ဟု ထိုင်း-မြန်မာ နယ်စပ်ရောက် ကလေး နှစ်ဦး မိခင် သတင်းထောက်အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ “ နယ်စပ်ရောက် သတင်းသမားများအတွက် လစဉ်ရိက္ခာထောက်ပံ့ရေး ” ပထမဆုံး အစီအစဉ်အတွင်း ရိက္ခာရယူရန် လျှောက်ထားသည့် သတင်းသမား အိမ်ထောင်စု ၂၄ စု ရှိခဲ့ပြီး ၉၅ ရာခိုင်နှုန်းမှာ ကလေးငယ်များပါဝင်သည့် မိသားစုများဖြစ်ကြောင်း သိရသည်။
လက်ရှိ ရိက္ခာထောက်ပံ့ဝေခြမ်းရေးအနေဖြင့် အိမ်ထောင်စု တစ်စုကို ဘတ် ၄၀၀ မှ ဘတ် ၉၀၀ ဝန်းကျင်ဖိုး ဝေမျှပေးနေပြီး အဓိက ရိက္ခာ အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ ပါဝင်ကာ မိသားစုဝင်အပေါ်မူတည်၍ ချိန်ညှိပေးဆောင်နေကြောင်းလည်း သိရသည်။
” အခုလောလောဆယ်ကတော့ တစ်လ ၅၀၀ ဘတ် ၊ တနေ့တုန်းကပေါ့ ဆန်တွေ ဘာတွေ ပေးရမဲ့ သူတွေကို လိုက်ပေးပြီးတော့ ဘတ် ၅၀၀ ထည့်ခဲ့တယ်။ ဒီဥစ္စာက ပြောရမယ်ဆိုရင် ကိုယ်တတ်နိုင်တာ ကိုယ်ထည့်တာပေါ့။ တစ်ခုတော့ ရှိတယ်ပေါ့၊ အခုက အလုပ်တွေက ဘာမှ မရေရာဘူးလေ။ ဘယ်အလုပ်မှ မရေရာဘူး။ အလုပ်ရှိသရွေ့ပေါ့။ အလုပ်ရှိနေတဲ့ အနေအထားမျိုးဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ အခုလိုပုံစံမျိုးကတော့ ပုံမှန်ထည့်ဝင်ဖို့ လျာထားတယ်။ တစ်ကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရှိတော့ဘူးဆိုရင်တော့ တမျိုးပေါ့။ ” ဟု နယ်စပ်ရောက် သတင်းထောက် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အစီအစဉ်အတွက် မည်သည့်အဖွဲ့အစည်းထံကမှ ငွေကြေးလက်ခံမည် မဟုတ်ဘဲ အဖွဲ့အစည်းမဟုတ်သောလုပ်ဖော်ကိုင်ဖက် သတင်းသမားအချင်းချင်းအား ဝိုင်းဝန်းကူညီချင်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီ၏ ပါဝင်ကူညီမှုကိုသာ လက်ခံမည်ဖြစ်ကြောင်းလည်း အစီအစဉ်ဆောင်ရွက်နေသူများက အသိပေးထားသည်။
စာတည်း-ကိုဆန်း