By Zwe Ko /MPA
ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်မှုထမ်းဆောင်မည့် လူငယ်များကို ပေါ်တာဆွဲရ၌ စစ်ကောင်စီတပ်က ကျောင်သားများကိုပါ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မင်းလှမြို့နယ်တွင် Grade 11 တက်ရောက်နေသည့် ကျောင်းသားတစ်ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲခဲ့ကြောင်း မင်းလှမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ မင်းလှမြို့မြောက်ဘက်အထွက်မှာ အဖမ်းခံရတာ၊ ကောင်လေးက ကျောင်းအဝတ်အစားနဲ့တော့ မဟုတ်ဘူး။ ရွာကနေ မြို့ကိုလာတဲ့လမ်းမှာ အဖမ်းခံရတာ၊ ပေါ်တာဆွဲတဲ့သူတွေက အိမ်စီးကားနဲ့ ဖမ်းပြီးတော့ တပ်ထဲကိုခေါ်သွားတာ၊ အဲ့ဒီလိုသိရတော့ မိဘတွေက သူကကျောင်းသားပါဆိုပြီး ဆရာမတွေရဲ့ထောက်ခံချက်ယူပြီး လိုက်ထုတ်ရတယ် ။ ပိုက်ဆံပေးခဲ့ရတယ်လို့လည်းကြားတယ်။ အဲ့ဒီနေ့က ကောင်းလေးအပါအဝင် လေးယောက်လောက် အဖမ်းခံလိုက်ရတာ ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ကိုးရက်ကလည်း မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းပိုင်း၌ ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ပေါ်တာဆွဲခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းသားများထိတ်လန့်နေကြကြောင်း အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။
“ အပြင်အဝတ်အစားနဲ့သွားလာရင် ပါသွားကြတာ၊ ပေါ်တာဆွဲတဲ့သူတွေကလည်း ကျောင်းသားလားဆိုပြီး မေးတာမဟုတ်ဘူးလေ၊ အဲ့ဒီတော့ ဖမ်းခံရပြီဆို ကျောင်းကထောက်ခံချက်ပေးမှ ထုတ်လို့ရတယ်။ အခုကျောင်းသားတွေက စာမေးပွဲနီးနေပြီ၊ အခုလိုမျိုးခဏခဏ ဖမ်းခံနေရတော့ လန့်နေကြတယ် ” ဟု အထက်တန်းပြဆရာမက ရှင်းပြသည်။
ယင်းအပြင် အုတ်ဖိုမြို့နယ်တွင်လည်း ကျောင်းသားများပါ စစ်မှုထမ်းရန် ပေါ်တာဆွဲရာတွင် လက်ထိပ်ခတ်ပြီး ခေါ်ဆောင်မှုများရှိနေခြင်းကြောင့် မိဘဖြစ်သူများက စိုးရိမ်ပူပန်နေကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကျောင်းပိတ်ရက်တောင် ကလေးတွေကို အပြင်လွှတ်လို့မရဘူးဖြစ်နေတယ်။ ကျူရှင်သွားရင်တောင် အဖြူအစိမ်းနဲ့ သွားခိုင်းရမဲ့ အခြေအနေဖြစ်နေတာ၊ ကျောင်းသားတွေလို့ ပြောပြီးလိုက်ထုတ်တာတောင် ထုတ်မပေးချင်ဘူး။ ပိုက်ဆံတောင်းချင်သေးတာ ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပဲခူးတိုင်းအနောက်ခြမ်း၌ ပေါ်တာဆွဲမှုများလုပ်ဆောင်ရာတွင် အိမ်စီးကားများကို အသုံးပြုနေခြင်းကြောင့် လူငယ်၊ လူရွယ်များသည် ရှောင်တိမ်းမှုပင်မရကြောင်း သာယာ၀တီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“ အိမ်စီးကားတွေနဲ့ ဖမ်းဆီးမှုတွေလုပ်နေတာဆိုတော့ ဘယ်ကားက ဘယ်လိုဆိုတာမသိတော့ဘူး။ ရွာထဲကားဝင်လာရင်ကို လန့်နေရတာ၊ ပြီးခဲ့တဲ့ရက်က ဖားရွှေကျော်နဲ့ေရတိုက်ရွာကို ဝင်ဆွဲတာ၊ ပဲနှုတ်နေတဲ့သူတွေပါ ထွက်ပြေးရတယ်။ ကောင်လေးငါးယောက်ပါသွားတယ်။ ငွေမပေးတဲ့ရွာတွေဆို ပိုပစ်မှတ်ထားပြီး ဖမ်းနေတာ ” ဟု ၎င်းက ပြောသည်။
သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်း အပတ်စဉ်တစ်ခုအတွက် အနည်းဆုံး လူ ၄၀ခန့် စုဆောင်းပေးရပြီး စစ်ကောင်စီကလည်း လမ်းသွားလမ်းလာလူငယ်များအပြင်၊ ရပ်ကွက်၊ ကျေးရွာများအထိပါ လိုက်လံ ဖမ်းဆီးမှုများပြုလုပ်၍ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လျက်ရှိနေသည်။
ထိုကဲ့သို့ စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းချင်းများ ပြုလုပ်နေမှုကြောင့် ဒေသခံများသည် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်း စရိတ်အဖြစ် လစဉ်ပေးဆောင်နေရသော်လည်း ပေါ်တာဆွဲခံရပါက အာမခံချက်မပေးသည့်အတွက် ပေးအပ်သည့် ငွေအလကားဖြစ်ရကြောင်း ပြည်သူများက ဝေဖန် ထောက်ပြလျက်ရှိသည်။
စစ်မှုထမ်းလွတ်ကင်းရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ရဲနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများက ပိုက်ဆံတောင်းခံမှုရှိခဲ့ပါက တိုင်ကြားနိုင်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသော်လည်း မြေပြင်၌ အဆိုပါကိစ္စကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။
စာတည်း-ကိုဆန်း