By Nway / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောရွာနေ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဓားခုတ်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၄ရက်၊ ညနေ ခြောက်နာရီကျော်က ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းဝင်းအတွင်း သီတင်းသုံးသည့် မန္တလေးဂိုဏ်းချုပ်သာသနာ မှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ထံက သိရသည်။
” ဘုန်းတော်ကြီးက ရပ်ရေးရွာရေးမှာရော ကျေးရွာနေပြည်သူတွေအပေါ်ရော စိတ်ထားကောင်းမွန်ပြီး အရှုပ်အရှင်းကင်းတယ်လို့ သိရတယ်။ ပြောချင်တာက ဘုန်းတော်ကြီးမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အရှုပ်အရှင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခုလို လူမဆန်စွာ ဓားနဲ့ကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်တာဟာ တအားကိုမိုက်ရိုင်းလွန်းပါတယ် ” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က MPA ကို ပြောသည်။
ကံကြီးတောရွာသည် ရွှေဘိုမြို့နှင့် ဝက်လက်မြို့ကြားတွင် တည်ရှိပြီး စစ်ကောင်စီတပ်စွဲထားသည့် ဟန်လင်းပျူမြို့ဟောင်းနှင့် နီးကာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူတကွ နေထိုင်ကြသည့် ကျေးရွာဖြစ်သည်။
” ရွာက စစ်ကြောင်းထိုးဝင်ရောက်မယ်ဆိုရင်တော့ နီးပါတယ်။သို့ပေမယ့်၊ သတ်သွားတဲ့အဖွဲ့ဟာ စစ်ကောင်စီဘက်ချည်းပဲ လွှဲချပုံချလို့လည်း နေရာတိုင်းမရပြန်ဘူးပေါ့နော်။ သူ့ဘက်ကလား၊ ကိုယ့်ဘက်ကလားဆိုတာ လိုက်နေကြတုန်းပါပဲ ” ဟု ကိုထူးခန့်ဇော်က ပြောသည်။
ဘုန်းတော်ကြီး သတ်ဖြတ်ခံရချိန်၌ သက်တော် ၄၄နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
” ရွှေဘိုနယ်အတွင်းမှာ ဖြစ်ပွားသွားတာဖြစ်တဲ့အတွက် သတ်သွားတဲ့ ဘယ်လိုအဖွဲ့အစည်းမဆို အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးကြဖို့၊ သတင်းမဖုံးကြဖို့ နဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့၊ ခရိုင်အတွင်းက တာဝန်ရှိအဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ် လို့ ပြောချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် ၏ ရုပ်ကလာပ်ကို ကံကြီးတောကျေးရွာမှ ရွှေဘိုမြို့သို့ သယ်ယူသွားပြီဖြစ်ကြောင်းသိရသည်။
စာတည်း-ML