By Bala / MPA
ရှမ်း-ကရင်နီပြည်နယ် နယ်စပ်ရှိ မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၅၀ကျော်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၆ရက်မှစတင်ကာ ခမရ ၄၂၂တပ်က မိုးဗြဲမြို့အဝင်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့မှုများဖြစ်ပွားလျက်ရှိကာ ဖေဖေါ်ဝါရီ ခြောက်ရက်မှ ယနေ့(ဖေဖေါ်ဝါရီခုနှစ်ရက်) နေ့ခင်း၁၂နာရီအထိ စစ်တပ်က လက်နက်ကြီးနှင့် ဟောင်ဝှစ်ဇာ အလုံး ၅၀ကျော် ပစ်ခတ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း၊အမှတ် ၁၀၀၁(MBPDF B -01)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ငါးရက်နေ့က စစ်တပ်ရဲ့ စစ်ကြောင်းအတိုက်ခံရတဲ့အတွက် လေယာဉ်လာကြဲသွားတယ်။ အဲ့နောက် တော့ လေယာဉ်လာတာမရှိသေးဘူး။အခုထိတော့ တိုက်ပွဲကပြင်းထန်နေတုန်းပါပဲ။စစ်ကောင်စီက လက်နက်ကြီးရော လက်နက်ငယ်ရောသုံးတယ်။သူတို့ဘက်က အထိနာရင် လေယာဉ်ပစ်ကူလာ သေးတယ်”ဟု ၎င်းက MPAသို့ ပြောသည်။

ပုံစာ-မိုးဗြဲမြို့တွင်း တစ်နေရာ။
ယနေ့မိုးဗြဲတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး မိုးဗြဲမြို့တွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးကို မေးမြန်းရာ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ခမရ၄၂၂တွင် ခြေကုပ်ယူကာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်ရန် တိုက်စစ်ဖွင့် စစ်ကြောင်းထိုးနေ ဆဲဖြစ်ကြောင်းဆိုသည်။
“ အခုအနေအထားက စစ်ကောင်စီဘက်က တိုက်စစ်ဖွင့်ပြီး မြို့အဝင်ကိုလုံးနေတာပေါ့။ တော်လှန် ရေး တပ်ဖွဲ့တွေဘက်ကလည်း မြို့အဝင်ကို ရအောင်ပိတ်ထားတာပေါ့။ထိတွေ့မှုကတော့ နေ့တိုင်းရှိတယ်” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီးများနေ့စဉ် ကျရောက်နေသဖြင့် ဒေသခံပြည် သူများအနေဖြင့် အရေးကြီးကိစ္စမရှိပါက ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် စစ်ရေးအသိဖြင့် သွားလာကြရန် မိုးဗြဲမြို့တွင်းရှိ တော်လှန်ရေးရဲဘော်များက သတိပေးထားသည်။