By Mandy / MPA
စစ်ကိုင်းကိုင်း၊ ကောလင်းမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံခံရသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ တရားခံဖမ်းမမိသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
အသက် ၄၅နှစ်အရွယ်ရှိ ဦးအရိန္ဒာမသည် ပြီးခဲ့သည့် ဇန်နဝါရီ နှစ်ရက်က ကောလင်းမြို့နယ်၊ ရွှေတွင်းရွာနှင့် ရှမ်းကလုံးရွာကြားတွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်၌ ကျူးလွန်သူကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းမှုများပြုလုပ်နေကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
“တရားခံပေါ်ပေါက်ဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ သီးသန့်ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ စုံစမ်းတဲ့အဖွဲ့မှာ ဘယ်သူ ဘယ်ဝါတွေ ပါဝင်တယ်ဆိုတာတော့ ပြောပြခွင့်မရှိပါဘူး ” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံခံရသည့်ဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့သူသည် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားသည်ဟု ယူဆရပြီး ဒေသတွင်း အဖွဲ့အစည်းအချင်းချင်းကြား၊ ပြည်သူများကြား သံသယတိုးလာနိုင်သည့် ကိစ္စဖြစ်သောကြောင့် အမှုအမြန်ဆုံး ပေါ်ပေါက်ရန် စုံစမ်းဖော်ထုတ်ရမည်ဟု ဒေသခံပြည်သူများက ဆိုသည်။
“ဆရာအရိန္ဒမာလုပ်ကြံခံလိုက်ရတာက ကောလင်းသမိုင်းကို ရိုင်းသွားစေတယ်။ ဒီလိုတော်လှန်ရေးအဖွဲ့တွေအုပ်စိုးတဲ့နယ်မြေမှာ NUG ကတိုက်ရိုက်ခန့်ထားတဲ့ လူတစ်ယောက်ကို လုပ်ကြံတယ်ဆိုတာ အင်မတန်ဆိုးတဲ့လုပ်ရပ်ပဲ၊ အမှုမှန်အမြန်မပေါ်ရင်တော့ ကောလင်းသမိုင်းကရိုင်းသထက်ရိုင်းသွားမှာဘဲ” ဟု ကောလင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအတွက် စကားဖောင်းပွမှုမဖြစ်စေရန် လုပ်ဆောင်သင့်ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လုပ်ကြံခံခဲ့ရသည့် ဆရာဦးအရိန္ဒာမာသည် NUG က တိုက်ရိုက်ခန့်အပ်ထားသည့် မြို့နယ် သယံဇာကော်မတီ အတွင်းရေးမှူးဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းသောကြောင့် မြို့အနယ်အတွင်း လူချစ်လူခင်ပေါများကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒီလိုသေနတ်နဲ့ပစ်ပြီး လုပ်ကြံခံရတာတော့ ဆိုးတာပဲ၊ အဓိက ကတော့ ငွေရှိရင် လက်နက်ဝယ်လို့ရတာကြောင့်ပဲ၊ အဲ့ဒီတော့ ပြည်သူလား၊ လက်နက်ကိုင်ထဲကလားဆိုတာ ကောက်ချက်ချဖို့ ခက်သွားပြီ။ တရားခံ အမြန်ပေါ်စေချင်ပါပြီ ” ဟု ကောလင်းမြို့နယ် ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ကောလင်းမြို့နယ်သည် ရွှေ၊ သစ်အပြင် သဘာဝသယံဇာတထွက်သည့်ဒေသဖြစ်ပြီး သယံဇာတ ကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ရန်အတွက် ဦးအရိန္ဒမာကို မြို့နယ် သယံဇာကော်မတီအတွင်းရေးမှူးအဖြစ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တိုက်ရိုက်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဦးအရိန္ဒမာသည် စစ်တပ်အာဏာမသိမ်းခင်က သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် ဦးစီးအရာရှိအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့သူလည်းဖြစ်သည်။
ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်ခြင်း၊ ရွှေမြေစာများ သယ်ဆောင်ခြင်း၊ သစ်ထုတ်ခြင်း၊ သစ်တောသယံဇာတများ ထုတ်ယူခြင်းတို့ကို ပိတ်ပင်ကြောင်း NUG၏ မြို့နယ်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်လုပ်ကိုင်သူများရှိသည့်အတွက် အဆိုပါ ကိစ္စရပ်များကို ထိန်းကြောင်းနိုင်ရန် ၂၀၂၄ခုနှစ်တွင် ဦးအရိန္ဒမာကို သယံဇာတကော်မတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ဦးအရိန္ဒမာ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် CDM အဖွဲ့များကလည်း ဇန်နဝါရီလက တောင်းဆိုခဲ့သည်။
ထို့ပြင် ဦးအရိန္ဒမာအား ရက်စက်စွာ သတ်ဖြတ်ခံရမှုသည် နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးဆုံးရှုံးရသည့်အပြင် တော်လှန်ရေး၏ စံတန်ဖိုးနှင့် ရည်ရွယ်ချက်ကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်သောကြောင့် အမှုမှန်ပေါ်ပေါက်စေရေးအတွက် ထိထိရောက်ရောက်ကြိုးပမ်းသွားမည်ဟု NUG ၊ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့က ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သေးသည်။