By Ra Wai / MPA
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ သစ်ဖြူကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းဥပဒေအကြောင်းပြကာ ဒေသခံများကို ငွေညှစ်နေကြောင်းသိရသည်။
သစ်ဖြူကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်းသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာကတည်းကပင် ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်လျှင် နှစ်သိန်း၊ မဲမပေါက်လျှင် တစ်သိန်း ကောက်ယူနေကြောင်း ရွာခံများနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ မဲနှိုက်လို့ကျတဲ့အိမ်ဆိုလို့ရှိရင် မလိုက်နိုင်ဘူးဆိုရင် ပိုက်ဆံပိုတောင်းတယ်။ တကယ်လို့မှ မပေးနိုင်လို့ရှိရင် မပေးနိုင်ရင်ပြောလို့ပဲ ပြောတယ်။ မပေးနိုင်ရင် သူတို့လုပ်ချင်တာလုပ်မယ်ဆိုတာမျိုး” ဟု ၎င်းက MPA သို့ပြောသည်။
တောင်းသည့်ငွေပေးနိုင်လျှင် စစ်မှုထမ်းခွင့် လအတော်ကြာ ကင်းလွတ်ပြီး မပေးနိုင်လျှင် စစ်မှုထမ်းရန် ချက်ချင်းခေါ်ဆောင်သွားကြောင်း သိရသည်။
၂၀၂၄ခုနှစ်ကုန်ပိုင်းကလည်း တောင်းသည့်ငွေ မပေးနိုင်သဖြင့် ငြိမ်းချမ်းဦးရွာမှ အသက် ၃၀အရွယ်အမျိုးသားတစ်ဦး၊ စုရွာမှ အသက် ၂၈အရွယ်တစ်ဦးနှင့် သစ်ဖြူကွင်းရွာမှ အသက် ၃၀အရွယ်တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ အဆက်သွယ်ပင်မရရှိကြောင်း သိရသည်။
” ၂၀၂၄နှစ်ကုန်လောက်က ဖမ်းသွားတဲ့ သူတွေရဲ့ အစအနကမရတော့ဘူး။ အခု နှစ်ထဲတော့ ဖမ်းတာဆီးတာမရှိသေးဘူး။ ငွေကောက်တာတော့ ပိုဆိုးလာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားသုံးဦးအား မည့်သည်နေရာသို့ ပို့ဆောင်လိုက်သည်ကို မသိရှိရသဖြင့် မိသားစုများက စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။
စာတည်း – ML