By MPA
စစ်အာဏာသိမ်း လေးနှစ်ပြည့်သည့်နေ့တွင် အဖိနှိပ်ခံ မြန်မာပြည်သူများနှင့် တသားတည်းအတူရှိကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ရှိ လူစည်ကားရာ စျေးရှေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့(ဖေဖော်ဝါရီ တစ်ရက်) ဂျပန်စံတော်ချိန် နံနက် ၁၁နာရီခွဲမှ နေ့လယ် ၁၂နာရီခွဲအထိ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အယောက် ၂၀က ပါဝင်ဆင်နွှဲခဲ့ပြီး စစ်အာဏာသိမ်းမှုကို ရှုံ့ချကြောင်း နှင့် အဖိနှိပ်ခံ မြန်မာပြည်သူများအားလုံးနှင့် တသားတည်းအတူရှိကြောင်းကို ပြသနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။





“ ဂျပန်က ပြည်သူတွေ မြန်မာ့အရေးကို စိတ်ဝင်စားမှုရှိဖို့ Performanceတွေလုပ်ခဲ့တယ်။ ကမ္ဘာမကြေဘူး သီချင်းကို သံပြိုင်သီဆိုပြီးတော့ ပြည်တွင်းက ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး အလှူခံခဲ့ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦးက ပြောသည်။
အဆိုပါဆန္ဒပြပွဲ၌ အလှူခံ ရရှိခဲ့သည့် ဂျပန် ယန်းငွေ ၃၃၁၉၅(မြန်မာငွေ ကျပ် ကိုးသိန်းကျော်) ကိုလည်း ပြည်တွင်း၌ ဒုက္ခရောက်နေသူများကို ထောက်ပံ့လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်သည်။