By MPA
မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံထားရသော သတင်းသမားအားလုံးကို လွှတ်ပေးရန်နှင့် သတင်းသမားများသည် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှုမရှိဘဲ လုပ်ဆောင်ခွင့်ပြုရန် ယူကေအစိုးရက တောင်းဆိုခဲ့သည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျရောက်သည့် သတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများ အတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့ IDEI အထိမ်းအမှတ်အနေဖြင့် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့သည့် အချိန်မှစပြီး သတင်းသမား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ အနည်းဆုံး အယောက် ၃၀ နီးပါး ထိန်းသိမ်းခံထားရဆဲဖြစ်သည့်အပြင် အမှီအခိုကင်းသော မီဒီယာအားလုံး နီးပါးကို ပိတ်ပစ်ရန်ကြိုးပမ်းခဲ့သည်။
မြန်မာသတင်းသမားများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရုံမျှဖြင့် ရာဇဝတ်သားများကဲ့သို့ တရားစွဲဆိုခြင်း၊ လိုက်လံဖမ်းဆီးခံနေရခြင်း ထောင်ချခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း အန္တရာယ်များနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာသမား အများစုမှာ အာဏာသိမ်းပြီးကတည်းက လုံခြုံရေးနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသဖြင့် ၎င်းတို့၏ နေအိမ်တွင် နေထိုင်နိုင်ခြင်း မရှိဘဲ အချို့ဆိုလျင် မိသားစုနှင့်တကွ တိုင်းရင်းသားနယ်မြေများသို့ တိမ်းရှောင်ထွက်ပြေးရခြင်းနှင့်၊ အခြားနိုင်ငံများသို့ တိမ်းရှောင်ထွက်ပြေးရခြင်းများလည်း ရှိနေသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကလည်း ကမ္ဘာတစ်ဝှမ်းရှိ သတင်းသမားများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဥပဒေအတိုင်း အပြည့်အဝ စုံစမ်းစစ်ဆေး အရေးယူနိုင်ရေးအတွက် နိုင်ငံရေးသဘောထားကို ထင်ထင်ရှားရှား ပြသရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ သတင်းထောက်များနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ယနေ့ တိုက်တွန်းခဲ့သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြှင့်တင်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်းများ၏ ကွန်ရက်ဖြစ်သည့် International Freedom of Expression Exchange (IFEX) ၏ စည်းရုံး လှုံ့ဆော်မှုဖြင့် သတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများ အတွက် ပြစ်ဒဏ်ကင်း လွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့ IDEI ကို ကုလသမဂ္ဂညီလာခံတွင် အတည်ပြုသတ်မှတ်ထား ခဲ့ခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာလ ၂ ရက်နေ့ကို IDEI နေ့အဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အကြိမ် ၇၀ မြောက် မျက်နှာစုံညီ အစည်းအဝေး၌ အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သတင်းများကို ပုဒ်မတပ် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း အကြမ်းဖက်ခြင်းစသည်များ ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသဖြင့် ဒီမိုကရေစီနှင့် အဓိပ္ပါယ်ရှိသော ရွေးကောက်ပွဲမရှိနိုင် ကြောင်းလည်း ယူကေအစိုးရက ထုတ်ပြန်ထားသည်။
#ယူကေအစိုးရ # IDEI #မြန်မာသတင်းသမား #FreePress #MPA
မုံရွာတွင် လမ်းပိုင်းကင်းယူနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ခုနှစ်ဦး ဒဏ်ရာရဟုဆို
By Ra Wai / MPA စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် လမ်းပိုင်းကင်းယူနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ခုနှစ်ဦးဒဏ်ရာရသွားကြောင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၄ရက်) နံနက် ကိုးနာရီကျော်တွင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်၌ ကင်းယူနေသည့် တောပုပျူရွာမှ...