By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် NUG ၏ အောင်ဆန်း တက္ကသိုလ်ကို စစ်တပ်၏ ဗုံးကြဲမှုကြောင့် ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ရက်၊ ညသန်းခေါင်နှင့် ဇန်နဝါရီ ၃၁ရက်၊ ညနေပိုင်းတွင် အောင်ဆန်း ပညာရပ်စုံ တက္ကသိုလ်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် တက္ကသိုလ်တည်ရှိရာကျေးရွာအပြင် အနီးကျေးရွာများမှ ပြည်သူများလည်း ရှောင်တိမ်းနေကြ ကြောင်း မြိုင်ပကဖထံက သိရသည်။
“ အဲဒီရွာရယ်၊ ပတ်ဝန်းကျင်က ရွာတွေရယ် အကုန်ရွှေ့ထားရတယ်။ ကျောင်းကို ပိတ်ပစ်လိုက်ရ တာပေါ့။ လောလောဆယ်တော့ ပညာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ပြီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးရဦး မယ်။ ပြီးတော့ ကျောင်းသား၊ကျောင်းသူတွေလည်း သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်ပို့ထားပါ တယ်ဗျ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
အောင်ဆန်းတက္ကသိုလ်ဖွင့်ပွဲကို ဇန်နဝါရီ၃၀ရက်၊နံနက်ကိုးနာရီတွင် ကျင်းပရန် စီစဉ်ထားပြီးပထမအကြိမ် တိုက်ခိုက်ခံရပြီးနောက် ဖွင့်ပွဲအား ရပ်ဆိုင်းခဲ့ကြောင်း ယင်းဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။
“ ပွဲလုပ်နေတုန်း လာကြဲရင် ထိခိုက်မှုပိုများနိုင်တယ်” ဟု ၎င်းကပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့နယ်မှ ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ တက္ကသိုလ်ဖွင့်မယ်လို့ သတင်းတွေ့လာရတော့ ကိုယ်တွေလည်း ကျောင်းတက်ချင်စိတ် ဖြစ်တယ်။ ဒီလို တွေးနေတုန်းမှာပဲ ခုလို လေကြောင်းပစ်တာ ဖြစ်သွားတော့ စိတ်မကောင်းဖြစ်တယ်။ ဒီနိုင်ငံမှာ စစ်အာဏာရှင်ရှိနေသရွေ့ ဘယ်နေရာမှာမှ မလုံခြုံဘူး။မြို့ပေါ်ဖြစ်ဖြစ်၊ လွတ်မြောက်နယ်မြေဖြစ်ဖြစ် အသက်အန္တရာယ် အမြဲရှိနေတယ်” ဟု ဒဂုံတက္ကသိုလ်မှ CDM ကျောင်းသူတစ်ဦးက ပြောသည်။
အောင်ဆန်းတက္ကသိုလ်ကို လွတ်မြောက်နယ်မြေတွင် မကြာခင်ဖွင့်လှစ်တော့မည်ဟု NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာ ပေါ် ဖော်ပြခဲ့ကြောင်း Radio NUG က ဇန်နဝါရီ ၂၈ရက်၌ သတင်းရေးသားထားသည်။
“ တက္ကသိုလ်တို့ဘာတို့ ဖွင့်တယ်ဆိုတာက သူတို့ ( စစ်တပ် ) အတွက်တော့ အပြိုင်ပေါ့။ မကွေးတိုင်းထဲမှာ ဒါမျိုးအဖွင့်မခံနိုင်ဘူးလေ။ ဒီတက္ကသိုလ်ဖွင့်တာမှာ အောက်ခြေကလည်း နည်းနည်း သိသွားတဲ့ပုံစံ သိုသိပ်မှုမရှိတာရော၊ တချို့အတွေးအခေါ်နည်းတဲ့သူတွေက လိုင်းပေါ်တင်တာတွေတို့ပေါ့” ဟု မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်တပ်သည် စစ်ရေးပစ်မှတ်များသာမက အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ စစ်တပ်ကတော့ သူ့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းကို ပေါပေါသီသီ အသုံးချနေမှာပဲ။ ဒါကို ဘယ်လိုတန်ပြန်မလဲပေါ့။ လေကြောင်းလာပစ်ဖို့အတွက် ဗုံးတွေ ကျည်ဆန်တွေလိုသလို လေယာဉ်ဆီလည်း လိုတယ်။ ဒီတော့ လေယာဉ်ဆီပြတ်တောက်ရေးအပြင်၊ ဗုံးတွေ ကျည်တွေထုတ်ပေးတဲ့ ကပစတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖိအားပေးဖို့ လိုနေပြီ” ဟု ၎င်းကပြောသည်။
၂၀၂၅ ခု၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ရက်အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၁ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ (ဇန်နဝါရီ ၃၁ရက်) သတင်းထုတ်ပြန်ထားသည်။