By Wazza / MPA
(လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပြီး ကျူးလွန်ခံရသူများ၏ အမည်များကို ဖုံးကွယ်ပေးထားပါသည်။)
နာမည်ကျော် အင်းစိန်ထောင်ဘူးဝသို့ ခေါင်းငုံ့ဝင်လိုက်ရထဲက ထိုနေရာသည် နှစ်နှစ်နီးပါး ငရဲကျခံရမည့် နေရာ ဖြစ်ကြောင်း မင်းမင်း မသိခဲ့ပေ။
ခါးတွင် စည်းထားသော ပုဆိုးက မညီမညာ၊ ကွင်းလုံးကျွတ်ကျ မသွားအောင် ပုဆိုးခါးပုံစကို လက်တစ်ဖက်ဖြင့် ထိန်း၍ သတိထားလမ်းလျှောက်နေရသည်။
ထိုစဉ် “ဖြောင်း” ခနဲ အသံနှင့်အတူ ကျောပေါ် နာကျင်သော ဝေဒနာ ခံစားလိုက်ရသည်။
မီးကပ်တိတ်ဖြင့် ပတ်ထားသော မော်တာကြိုးဖြင့် မင်းမင်း အရိုက်ခံလိုက်ရသည်။
“ထောင်ဆိုတာ မင်းအမေလင်အိမ် မဟုတ်ဘူး ငါ_ိုးမသားတွေ” ဆိုသော ကြမ်းတမ်းသော စကားသံများ ဆက် တိုက် ကြားလာရသည်။
မင်းမင်းကို ထောင်ဆိုသော လူ့ငရဲတွင်းထဲက ကြိုဆိုပုံမှာ ခက်ထန်လွန်းလှသည်။
အင်းစိန်ထောင်သို့ စရောက်လာသော အချုပ်သားသစ်၊ အကျဉ်းသားသစ်များကို ထောင်ဝန်ထမ်းများနှင့် အကျဉ်း သားအရာရှိများက တန်းစီထိုင်ခိုင်းပြီး ခေါင်းများ ငုံ့ခိုင်းထားသည်။
ထို့နောက် တစ်ဦးချင်းစီ၏ အမှုနှင့် ဖြစ်စဉ်အကျဉ်းကို မေးမြန်းကြသည်။
အသားဖြူဖြူ ပိန်သွယ်သွယ်ကိုယ်ဟန်အနေအထားရှိသော မင်းမင်း၏ ပုံပန်းသဏ္ဍန်ကို ကြည့်၍ ထောင်ဝန်ထမ်း က “ဟေ့ကောင် မင်းက စောက်ခြောက်လား။ အခြောက်ဆို အခြောက်ဆောင် ပို့ပစ်မယ်” ဟု ခြိမ်းခြောက်မေး မြန်းလေသည်။
စိတ်ရော ကိုယ်ပါ မာန်တင်း၍ “ကျတော် ယောင်္ကျားပါ”ဟု မုသာဝါဒသုံးဖြေလိုက်မိသည်။ တကယ်တော့ မင်းမင်းက လိင်တူ စိတ်ဝင်စားသည်။
မင်းမင်း၏ ခန္ဓာကိုယ်တွင် ယောင်္ကျားတစ်ဦး၏ ဖွဲ့စည်းတည်ဆောက်မှုများပါဝင်သော်လည်း အတွင်းစိတ်ကမူ အမျိုးသမီးစိတ်ခံယူထားသော LGBTQ+ တစ်ဦးဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများထဲတွင် မင်းမင်းလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် အဖမ်းခံခဲ့ရပြီး ၅၀၅(က) ပုဒ်မဖြင့် ထောင်ထဲ ရောက်လာသည်။
“ထောင်ထဲမှာက အပြင်လောကလို LGBT လေးခုကို ခွဲထားတာမျိုးမရှိဘူး။ တချို့က လိင်တူစိတ်ဝင်စားတာ မှန် တယ်။ ဒါပေမဲ့ နွဲ့ပြီး မနေချင်ဘူး။ ပြောချင်တာက Transgender လို့ မဟုတ်ဘူး။ ယောင်္ကျားလို ဝတ်ထားပြီး ယောင်္ကျားလေး စိတ်ဝင်စားတဲ့ အကျဉ်းသားတွေအတွက် ထောင်ထဲမှာ နေစရာ နေရာမရှိဘူး။ ထောင်ထဲမှာက Gay ဆိုတာနဲ့ ဆေးရုံဆောင်ဝင်းက ထောင်အခေါ် အခြောက်ဆောင်ကို ပို့တယ်” ဟု မင်းမင်းက အင်းစိန်ထောင် ထဲက LGBTQ+ များ ကြုံတွေ့နေရမှုကို ပြောလာသည်။
အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ အများစုရှိရာ “သပြေဆောင်”သို့ အကျဉ်းသားအသစ်အဖြစ် ၂၀၂၃ နှစ် ဖေဖော်ဝါရီလတွင် မင်းမင်း ရောက်ခဲ့သည်။
ထောင်ထဲရောက်ပြီး မကြာခင် မင်းမင်း၏ နေထိုင်သွားလာ ပြောဆိုပုံကို ကြည့်၍ လိင်တူစိတ်ဝင်စားသူမှန်း တစစ သိလာခဲ့ကြသည်။
လိင်တူစိတ်ဝင်စားသူမှန်း သိပြီးနောက်ပိုင်း အခန်းလူကြီး ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် စည်းကမ်းထိန်း ရဲမော်တို့က လိင်ပိုင်းဆိုင်ရာထိပါးမှုများ ပြုလုပ်လာတော့သည်။
အခန်းလူကြီး အောင်လေး သည် နာမည်ကျော် လူသတ်မှုဖြစ်စဉ်တစ်ခုတွင် ပါဝင်ခဲ့သူဖြစ်ပြီး လူသတ်မှု၊ မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ကျခဲ့သူ ဖြစ်သည်။
မင်းမင်းကို လိင်ပိုင်းဆိုင်ရာထိပါးခဲ့သော အောင်လေးသည် ဟာသ သရုပ်ဆောင် အောင်ရဲထွေးကို အုပ်စုဖွဲ့၍ ဝိုင်းဝန်းထိုးကြိတ်ခြင်း၊ သံထိပ်ဖူးပါသော ဖိနပ်ဖြင့် ကန်ခြင်း၊ Volka ပုလင်းခွံဖြင့် ရိုက်နှက်ခဲ့သူများအနက် တစ်ဦး ဖြစ်သည်။
အောင်ရဲထွေးသည် အုပ်စုဖွဲ့၍ အနိုင်ကျင့်ခံရသော ဒဏ်ရာများကြောင့် ၂၀၁၇ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူး ညမှာ သေဆုံးခဲ့ရသည်။
ထောင်သက် နှစ်ကြာလာသော အောင်လေးသည် ၂၀၂၃ခုနှစ်တွင် သပြေဆောင်(၂) အခန်း(၂)တွင် အခန်းလူကြီး ဖြစ်လာသည်။ မင်းမင်းကို အောင်လေးက ကနဦးတွင် ပြောစကားများဖြင့် လိင်ပိုင်းဆိုင်ရာပြောဆိုမှုများ စလုပ်လာသည်။
ညစ်ညမ်းသော စကားများ ပြောပြီး မကြာခင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများပါ စတင်လာသည်။ အောင်လေး ကိုယ်ထိလက်ရောက်ထိပါးသော နေ့ကို မင်းမင်း သေချာမှတ်မိနေသည်။
ထိုနေ့က ညဦးပိုင်းတွင် အောင်လေးက မင်းမင်းကို သူ့၏ ဘောင်းဘီတိုထဲ လက်ဝင်ပြီး သူ့လိင်တံကို ကိုင်ပေးရန် ပြောသည်။ မင်းမင်းက မလုပ်ချင်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း အောင်လေးက အတင်းအကျပ် ဖိအားပေး၍ ကိုင်ခိုင်းခဲ့ကြောင်း ရင်ဖွင့်ပြောပြလာသည်။
“အခန်းလူကြီး အောင်လေး သူရဲ့ အမျိုးသားအင်္ဂါကို ထိခိုင်း၊ ကိုင်ခိုင်းတာ လေးငါးကြိမ်မက လုပ်ခိုင်းတာ ခံရတယ်” ဟု မင်းမင်းက ဆိုသည်။
ထောင်ထဲတွင် အမျိုးသမီးများကို မမြင်ရ၊ မထိတွေ့ရတာ နှစ်ချီ ကြာလာသောအခါ အောင်လေးသည် မုန်ယိုနေ သော ဆင်ကဲ့သို့ မင်းမင်းအပေါ် ပြုမှုလာသည်။
နောက်ပိုင်းတွင်လည်း အောင်လေးက သူ့လိင်အင်္ဂါကို အတင်းအဓမ္မထိခိုင်း၊ ကိုင်ခိုင်းခြင်းအပြင် မင်းမင်း တင်ပါးကို ပွတ်သပ် ကိုင်တွယ်ခြင်းတို့ကို တဖြည်းဖြည်း လုပ်လာသည်။
အခန်းလူကြီး အောင်လေး၏ လိင်ပိုင်းဆိုင်ရာ ထိပါးခြင်းစော်ကားခြင်းအပြင် စည်းကမ်းထိန်းရဲမော်၏ ထိပါးမှု များကိုလည်း မင်းမင်း ဆက်တိုက် ကြုံလာရသည်။
ရဲမော်သည် မင်းမင်း၏ တင်ပါးကို လက်ချောင်းများဖြင့် ပွတ်သပ်ခြင်း၊ ထိုးထည့်ခြင်းများ လုပ်၍ လိင်စိတ်သာယာနေသူဖြစ်သည်။
မင်းမင်းက အကြောက်အကန် အတန်တန် ငြင်းဆိုခဲ့သော်လည်း “မင်း ငြိမ်ခံနေရင် သက်သာမယ်။ ငြိမ်မခံဘူးဆို ရင် ပိုဆိုးမယ်”ဟု ခြိမ်းခြောက်ခံရသဖြင့် အားမတန်၍ မာန်လျော့ခဲ့ရပြန်သည်။
မင်းမင်းကို ကျူးလွန်သော ရဲမော် သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသူဖြစ်ပြီး သပြေဆောင် (၂) အခန်း(၂)၏ စည်းကမ်းထိန်း ဖြစ်သည်။
“အောင်လေး လိုပဲ အခန်းစည်းကမ်းထိန်း ရဲမော်ကလည်း ကျတော့်ရဲ့ တင်ပါးကို နှိုက်ပြီး ကိုင်တာမျိုးလည်း ခဏခဏ လုပ်တယ်။ ပုဆိုးအတွင်းထဲအထိ လက်လျှိုပြီး ဖင်ကို ပွတ်တာမျိုး၊ တခါခါ လက်ချောင်းနဲ့ပါ ထိုးထည့်တယ်။ အဲ့ဒီလို Harassment လုပ်ခံရတာမျိုးက ခဏခဏပဲ၊ မလုပ်ဖို့ ငြင်းဆန်ပေမဲ့ သူတို့က အခန်း လူကြီး၊ စည်းကမ်းထိန်းတွေဆိုတဲ့ အရှိန်အဝါကြောင့် သည်းခံ နေခဲ့ရတယ်” ဟု မင်းမင်းက မုန်ယိုနေသော ဆင်ရိုင်းများ၏ သားကောင် ဖြစ်ခဲ့ရသော အတိတ်ကို ပြန်ပြောင်း ပြောပြသည်။
မင်းမင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရသော နိုင်ငံရေးအကျဉ်းသားများလည်း အင်းစိန်ထောင် သပြေ ဆောင်တွင် ရှိနေသေးသည်။
ကျော်ကျော် က လိင်စိတ်တိမ်းညွတ်သူ မဟုတ်ဘဲ အမျိုးသားတစ်ဦးဖြစ်သည်။
အင်းစိန် သပြေဆောင်တွင် သူကြုံတွေ့ခဲ့ရသော လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနှင့် အနိုင်ကျင့်ခံရ မှုများကို MPA သို့ ပြောပြလာခဲ့သည်။
၂၀၂၃ခုနှစ် ဇန်နဝါရီ ၃၀ရက်တွင် အုတ်ကျင်းဘူတာရုံ၌ ရဲများက ကျော်ကျော်ဖုန်းကို ယူစစ်ဆေးခဲ့ပြီး တော်လှန် ရေးနှင့် သက်ဆိုင်သော အစည်းအဝေး မှတ်တမ်းများ ဖုန်းထဲတွင် တွေ့၍ ဖမ်းဆီးခြင်း ခံရသည်။
ဖေဖော်ဝါရီလလယ်တွင် အင်းစိန်ထောင် အဆောင်(၃)သို့ ရောက်လာခဲ့ပြီး ဇွန်လတွင် ၅၀၅(က)ဖြင့် အမိန့်ကျ၍ အဆောင်(၂)သို့ ရောက်ခဲ့သည်။
အဆောင် (၂) နှင့် အဆောင်(၃) တို့တွင် လိင်ပိုင်းဆိုင်ရာထိပါးခံရမှု ပြသနာ မရှိခဲ့သော်လည်း သပြေဆောင် ပြောင်း ရွှေ့ခံရပြီးနောက် ကျော်ကျော်အတွက် ထိတ်လန့် တုန့်လှုပ်ရမှုများ စတင် ကြုံဆုံလာရသည်။
ထောင်အာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် ကျော်ကျော် အပါအဝင် လူ ၁၂၀ကို ၂၀၂၄ခုနှစ် မေ ၂၁ရက်တွင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
သပြေဆောင်(၁) အခန်း(၃)ရောက်သည့် ညဘက် အိပ်ပျော်နေသော ကျော်ကျော့်ကို မူးယစ်ဆေးဝါးမှု ပုဒ်မ ၁၉ဖြင့် ထောင်ကျနေသော အခန်းလူကြီးက နှိုး၍ ခန္ဓာကိုယ်အနှံ့ နာရီဝက်ခန့် ကိုင်တွယ်သည်။
နောက်တစ်ရက် မေ ၂၂ရက်တွင် အခန်းလူကြီးက သူ၏ နံဘေးတွင် ကျော်ကျော်ကို အိပ်ရာ နေရာချပေးပြီး ည ကိုးနာရီကျော်တွင် ရင်ဘတ်ကို ပွတ်သပ်ကိုင်တွယ်လာသည်။
ထို့နောက် နံနက် တစ်နာရီကျော်တွင် ကျော်ကျော့်လက်ဖြင့် သူ့အမျိုးသားအင်္ဂါကို ကိုင်တွယ်စေပြန်သည်။ နံနက် ၃နာရီခန့်တွင် ကျော်ကျော်၏နှုတ်ခမ်းကို ထိတွေ့နမ်းရှုတ်ခြင်းလုပ်ခဲ့သည်။ နိုးနေသော်လည်း အဓမ္မပြုကျင့်ခံရမည် ဆိုးသဖြင့် အိပ်ချင်ယောင်ဆောင်၍ နေလိုက်ရသည်။
အခန်းလူကြီးဆိုသော အရှိန်အဝါကြောင့် တွန်းလှန်ရန် အခွင့်မသာသဖြင့် ငြိမ်ခံနေခဲ့သည်။ ထိုညက လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရမှုများက ကျော်ကျော်အတွက် ထိတ်လန့်တုန့်လှုပ်မှု၊ ကြောက်ရွံမှုများ ဖြစ်ခဲ့ရကြောင်း ကျော်ကျော်က ရင်ဖွင့်လာသည်။
“အဲ့ဒီညက အိပ်ချိန်ပေးပြီးတာနဲ့ အခန်းလူကြီး ဇေယျာအောင်က ကျတော့်ရင်ဘတ်ကို ပွတ်ပြီး ကိုင်တယ်။ မနက် တစ်နာရီလောက်မှာ ထပ်လုပ်လို့ ကျတော်လန့်နိုးသွားတယ်။ နောက်တော့ ကျတော့်လက်ကို ကိုင်ပြီး သူ့အင်္ဂါကို masterbate လုပ်သလို ကျတော့်လက်နဲ့ လုပ်နေတယ်။ နိုးနေပေမဲ့ မျက်လုံးဖွင့်ပြီး မငြင်းဆန်ရဲဘူး။ နောက် မနက် သုံးနာရီ အခန်းလူကြီး ကင်းချိန်ရောက်တော့ ကျတော့်နှုတ်ခမ်းကို နမ်းရှုတ်လာတွေ လုပ်ပြန်တယ်” ဟု ကျော်ကျော်က သပြေဆောင်တွင် ကြုံခဲ့ရသော အတိတ်ဆိုးကို ပြောပြသည်။
ကျော်ကျော်သည် သူကြုံခဲ့ရမှုကို နိုင်ငံရေးအကျဉ်းသားအချင်းချင်း နှင့် ထောင်ဝန်ထမ်းတစ်ဦးကို ပြောပြခဲ့သည်။
ထို့နောက် ကျော်ကျော်ကို သပြေဆောင် အဆောင်မှူးက စော်ကားခံရမှုဖြစ်စဉ်အား ခေါ်ယူမေးမြန်းခဲ့သော်လည်း ကျူးလွန်သူ သပြေဆောင်(၁) အခန်း(၃)အခန်းလူကြီး ဇေယျာအောင်ကို အရေးယူခဲ့ ခြင်းမရှိပေ။
“ သပြေ အဆောင်မှူးကို မကွယ်မဝှက်ဘဲ ဖြစ်စဉ်အကျဉ်းချုပ်ကို ပြောပြပြီး အရေးယူပေးဖို့ ပြောခဲ့တယ်။ သက် သေလိုချင်တယ်ပြောလို့ ကျတော်နဲ့အတူစားတဲ့ သူတွေနဲ့ ညဘက် အခန်းထဲမှာ ဘာယာစောင့်တဲ့သူတွေကိုလည်း ခေါ်မေးတယ်။ အားလုံးက ဖြစ်စဉ်မှန်ကြောင်း ပြောကြပေမဲ့ အတင်းအဓမ္မပြုကျင့်ပြီဆိုရင် ချက်ချင်းအရေးယူမယ်လို့ အဆောင်မှူးက ပြန်ပြောတယ်။ နစ်နာသူက တိုင်တယ်။ မျက်မြင်သက်သေလည်းရှိတယ်။ CCTV နှစ်လုံး လည်း အခန်းထဲမှာ တပ်ထားရဲ့သားနဲ့ အရေးယူမခံရဘဲ ပြီးသွားတယ်” ဟု ကျော်ကျော်က MPA သို့ ဖွင့်ဟသည်။
သပြေ(၁) အခန်း(၃) အခန်းလူကြီး ဇေယျာအောင်၏ အမျိုးသားအချင်းချင်း ထိပါးစော်ကားခံရသော ကျော်ကျော် သည် လူရော စိတ်ပါ မလုံခြုံတော့သဖြင့် သပြေ(၁) ဆောင် (၂)ခန်းသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။
သို့သော် ကျော်ကျော် ထိုအခန်းတွင်လည်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသူ အခန်းလူကြီး မိုးမြင့်အောင်က နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ ပြောဆိုမှုများ ပြုလုပ်ခဲ့ပြန်သည်။ ဖြူသွယ်သွယ် ပါးပါးလျလျကိုယ်ဟန်ရှိသော ကျော်ကျော်သည် သပြေဆောင်တွင် အခန်းလူကြီးများ၏ ပြစ်မှတ်သဖွယ်ဖြစ်လာသည်။
“သပြေ(၁) အဆောင်(၂)အခန်း ရောက်ပြန်တော့လည်း “အခန်းလူကြီးက မင်းက gay ပါ” “အပြင်မှာယောကျ်ားဘယ်နှစ် ယောက်နဲ့-ဖူးလဲ” “အပြင်မှာတွေ့ရင် -ှုတ်ပေးမလား” “ငါ့ကို-လောက်ပေးလိုက်ပါ”ဆိုပြီး ခဏခဏ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့စကားတွေ ပြောဆိုခံခဲ့ရပါတယ်။ ကိုယ်ကာယမြောက် ကျူးလွန်တာမျိုးမရှိပေမဲ့ ပါးစပ်နဲ့ ပြောဆိုတာတွေတော့ ခံနေရတုန်း။ အကာကွယ်မဲ့သလို ခံစားခဲ့ရတယ်” ဟု ကျော်ကျော်က ဆိုသည်။
ထောင်ထဲတွင် နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခံရခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုများ ကြုံဆုံခဲ့သော ကျော်ကျော် သည် ထောင်မှလွတ်လာပြီးအထိ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုများ ကြုံနေရသည်။
ညဘက်အိပ်လျှင် လန့်လန့်နိုး၍ အတိတ်က စော်ကားခံရမှုများသည် ကျော်ကျော်ကို ခြောက်လှန့်နေသည်။
လက်ရှိအချိန်ထိ ကျော်ကျော်သည် စိတ်ပိုင်းဆိုင်ရာကုသမှုခံယူ၍ ဖြစ်ရပ်ဆိုးကို တွန်းလှန်ရန် ကြိုးပမ်းနေရသည်။
“လိင်ပိုင်းဆိုင်ရာစော်ကားခံရပြီးနောက်ပိုင်း ညရောက်မှာကိုကြောက်နေတယ်။ ကျတော့်စိတ်ထဲမလုံခြုံသလို ခံစားနေရတယ်။ အခုထိ ညဘက်တွေကောင်းကောင်းအိပ်မရပါဘူး။ တစ်နာရီလောက်အိပ်ပြီးရင် လန့်လန့်နိုး နေလို့။ အခုဆို Counselling center ပါသွားနေရတယ်” ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ခဲ့သော လှုပ်ရှားမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ ထောင်သို့ ရောက်လာရသည်။ နိုင်ငံရေးအကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများသည် အင်းစိန်ထောင် အပြင် သာယာဝတီ ထောင်တွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။
ထိပါးစော်ကားခံရသော အကျဉ်းသားကို အသက်သေစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံမှုများပါ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ဦး သိုက်ထွန်းဦးက ပြောသည်။
“အကျဉ်းထောင်အတွင်းက LGBT တွေ လိင်ပိုင်းဆိုင်ရာထိပါးခံရမှုတွေရှိပါတယ်။ သာယာဝတီအကျဉ်းထောင် မှာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အခြားရာဇဝတ်အကျဉ်းသားတစ်ယောက်က အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အဲ့ဒီလို ငြင်းဆန်ခဲ့တဲ့သူတွေအပေါ်မှာလည်း အကျဉ်းထောင်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ အခြားရာဇဝတ်အကျဉ်းသားကနေ အသတ်သေစေလိုရန် ရည်ရွယ်ပြီး လုပ်ကြံခဲ့မှု တွေလည်း ရှိခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ အာဏာသိမ်းမှု တောက်လျောက်မှာ ဖြစ်ပေါ်လျက်ရှိပြီးတော့ ယနေ့အချိန်အထိ လျော့ကျသွားခြင်း မရှိသေးဘူး” ဟု ဦးသိုက်ထွန်းဦးက MPA သို့ ပြောသည်။
ရန်ကုန်မြို့ပြထဲတွင် လူများစွာသည် နိစ္စဓူဝ ပျားပန်းခပ်လှုပ်ရှားသွားလာနေသည်။ မြို့ပြဧရိယာအတွင်းရှိ လေးဖက်လေးတန် အုတ်တံတိုင်းအမြင့်ကြီးများ ကာရံထားသော အင်းစိန်အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားများသည် လူ့ငရဲတမျှ ထောင်တွင်းနေ့ရက်များကို ကျော်ဖြတ်နေရသည်။
လူရော စိတ်ပါ အကျဉ်းချခံထားရသော အကျဉ်းသားများထဲတွင် အချို့သည် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရ မှုများကိုပါ တွေ့ကြုံနေရသည်။ လိင်အမြတ်ထုတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုသည် ပြင်ပ လူ့ပတ်ဝန်းကျင်၌ပင် ဖွင့်ဟ ပြောဆိုရန် ခက်ခဲနေသေးသည်။
မင်းမင်း၊ ကျော်ကျော်တို့ ကဲ့သို့ ထောင်ထဲတွင် ထိပါးစော်ကားခံရမှုကို ဖွင့်ဟပြောဆိုခဲ့ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့ပြီး စိတ်ဒဏ်ရာရနေသူ မည်မျှ ရှိကြောင်း မည်သူမှ သိမည်မဟုတ်ပေ။