By Mandy / MPA
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ပြန်လည်မကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းကို အဓိက အသုံးပြုကာ ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ အင်းတော်မြို့သိမ်းတိုက်ပွဲသည် စတုတ္ထအကြိမ်မြောက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက မြို့ကိုလက်မလွှတ်ရစေရေးအတွက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေခြင်းလည်းဖြစ်သည်။
“စစ်တပ်ကုန်းရမှဘဲ ကိုယ့်ဘက်က အခြေနေကောင်းတယ်လို့ ယူဆရမှာ။ မြို့တွင်းက ကျတော့ အရင်ကတည်းက ရထားပြီးသားပဲ အခုမှ ရတာမဟုတ်ဘူး။ ဂျက်ဖိုက်တာ၊ Y-8၊Y-12 တွေနဲ့လာကြဲတယ်။ အခုအနေအထားကတော့ သူတို့ဘက်က လေကြောင်းကို အဓိကထားပြီး ခုခံနေရတာပေါ့” ဟု Indaw Revolution မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အင်းတော်မြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ ဆေးရုံအဖြစ်အသုံးပြုခဲ့သော ဂျပန်ကုန်းခေါ် စစ်တပ်ကုန်းတွင် အမှတ် (၇၇)လက်အောက်ခံ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA)တို့က အင်အား နှစ်ရာကျော်ခန့် ဖြင့် အခိုင်အမာ တပ်စွဲထားရာသို့ တော်လှန်ရေးပူးပေါင်းတပ်များက ဇန်နဝါရီ ၂၇ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
“လက်ရှိအခြေအနေကတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြဆဲပေါ့၊ သူတို့(စစ်ကောင်စီ)ဘက်က စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ လေယာဉ်နဲ့လာကြဲတာတွေ ပြည်သူတွေ သတိထားရတယ်။ ဒီအကြိမ်မှာတော့ အလုံးစုံသိမ်းပိုက်နိုင်ပါစေလို့ မျှော်လင့်တယ်။ ပြည်သူတွေလည်း ခက်ခဲနေပြီ” ဟု အင်းတော်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ရက်က အင်းတော်မြို့၊ စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အင်းတော်မြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ နားရခေါင်ရွာမှ လင်မယားနှစ်ဦးထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ အမျိုးသားမှာ ခြေထောက်ဖြတ်ခဲ့ရသည်ဟု Indaw Revolution မှ အဖွဲ့ဝင်တစ်ဦး၏ပြောကြားချက်အရသိရသည်။
တိုက်ပွဲပြန်လည်ဖော်ဆောင်ခဲ့သော ဇန်နဝါရီလ ၂၇ ရက်နေ့မှ ယနေ့(ဇန်နဝါရီ ၃၁)ရက်နေ့အထိ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဆယ်ကြိမ်ခန့်၊ Y-8ဖြင့် ဆယ်ကြိမ်ကျော် ပစ်ခတ်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီး သုံးဆယ်ကျော်ချခဲ့ကြောင်း ၎င်းကဆိုသည်။
“အင်းတော်တိုက်ပွဲကြောင့် ခရီးသွားကုန်သွယ်ဖို့ ကွင်းလမ်းတစ်ခုပဲ ဖွင့်ထားပေးတယ်။ ကားတွေကလည်း ကျပ်လိုက်တာ လမ်းမပိတ်ဘဲ ကားတိမ်းရတာတင် လေးနာရီလောက်ကြာတယ်။ နှစ်ဖက် တိုက်ပွဲဖြစ်နေလို့ အန္တရာယ်မကင်းဘူးထင်ရင် ကားလမ်းပိတ်ပေးတယ်။ လက်နက်ကြီးရန်၊ လေကြောင်းရန် သတိထားနေရတာဗျာ၊ လွယ်တော့မလွယ်ဘူး” ဟု ခရီးသွားကုန်သည်တစ်ဦးက ဆိုသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးများလည်း ရှိသည်ဟု ဒေသတွင်းအရင်းအမြစ်များကဆိုသည်။
လက်ရှိဆင်နွှဲနေသော အင်းတော်မြို့သိမ်းတိုက်ပွဲအား PDF တပ်ရင်းတပ်ဖွဲ့များ၊ KIA တပ်ဖွဲ့ဝင်များ၊ ABSDF ကျောင်းသားတပ်မတော်၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စုပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရသည်။





