By Ra Wai / MPA
သုံးရက်အတွင်း မုံရွာမြို့ခံ ၂၀၀ကျော်ကို စစ်တပ်က ပေါ်တာဆွဲထားကြောင်းသိရသည်။
ဇန်နဝါရီ ၂၅ရက်မှ ၂၇ရက်အထိ စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ မြို့ခံ ၂၀၀ကျော်ကို စစ်တပ်က ပေါ်တာဆွဲခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်) အထိလည်း မြို့တွင်း၌ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း Eagle Information Operator အဖွဲ့ထံမှ သိရသည်။
“ ၂၅ကနေ ၂၇အထိလူ ၂၀၀ပါတယ်လို့ပဲ လူဦးရေသတင်းကသိရသေးတာ၊ အဲ့နောက်ပိုင်းလည်း ဖမ်းတာတွေရှိတယ်။ ဒီနေ့အထိပဲ၊ သို့ပေမဲ့ နေရာစုံဖမ်းကြတော့ လူအရေအတွက်ကမသိရသေးဘူးဗျ” ဟု မုံရွာသတင်းများကို အသားပေးဖော်ပြနေသည့် နွေဦးတော်လှန်ရေးစာမျက်နှာ Eagle Information Operator မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယခင်က ဖမ်းဆီးခံရလျှင် ငွေနှင့် ပြန်ရွေး၍ ရသော်လည်း ယခုအခါ ကလေးငယ်များကိုသာ ပြန်လွှတ်ပြီး လုပ်နိုင်ကိုင်နိုင်သည့်အရွယ်များဆိုလျှင် လူနာပြုစုရန်နှင့် ထမင်းဟင်းချက်ခိုင်းရန် ဟုဆိုကာ ပြန်မလွှတ်တော့ကြောင်း သိရသည်။
ယင်းသို့ စစ်တပ်က အသက်အရွယ်၊ ကျား၊မ မရွေး ဖမ်းဆီးပေါ်တာဆွဲနေမှုကြောင့် မြိုတွင်း ခြောက်ကပ်တိတ်ဆိတ်နေပြီး ဈေးဆိုင်အများစုမှာလည်း စစ်ကောင်စီရန်နှင့် သူခိုးရန်ကိုကြောက်သဖြင့် ညနေသုံးနာရီကျော်လျှင် ဆိုင်ပိတ်သိမ်းကြကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဉ်၁၀အတွက် လူလိုနေသဖြင့် ပေါ်တာဆွဲနေခြင်း ဖြစ်နိုင်ကြောင်း မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ကိုး(စစ်မှုထမ်းအပတ်စဉ်)တုန်းကလည်း လူမရှိလို့ ရန်ကုန်မှာပါ အကြီးအကျယ်ပေါ်တာဆွဲခဲ့တာ၊ အခု၁၀ (စစ်မှုထမ်းအပတ်စဉ်)ကတော့ မုံရွာမြို့ပေါ်ပေါ့၊ လာမယ့်အပတ်စဉ်တွေမှာလည်း လူလိုမှာဘဲ ဆိုတော့ ဆက်ဆွဲမှာဘဲ၊ မြို့ပေါ်ကလူငယ်တွေ ကိုယ့်ဘဝကိုယ် ပြတ်ပြတ်သားသား ရွေးချယ်ဖို့အချိန် ကျပြီ” ဟု ၎င်းက ပြောသည်။
မြို့ခံများအနေဖြင့် မြို့ကိုစွန့်ခွာပြီး မြို့နှင့် လက်တစ်ကမ်းအကွာရှိ တော်လှန်ရေးစိုးမိုးနယ်မြေများသို့ ရှောင်တိမ်းခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း မုံရွာခရိုင်အမှတ်လေးတပ်ရင်း၊ အထူးကွန်မန်ဒိုတပ် ဖွဲ့ (Monywa The Boy) အဖွဲ့တာဝန်ခံက ဆိုသည်။
ဇန်နဝါရီ၂၅ရက်မှ ယနေ့(ဇန်နဝါရီ၃၁ရက်)အထိ မုံရွာမြို့ပေါ်ရှိ လမ်းမများပေါ်တွင် နံနက်ပိုင်းတစ်ချိန်သာ အလုပ်သွား၊အလုပ်လာနှင့် ဈေးအသွားအလာ လူအနည်းငယ်ရှိကြောင်း မုံရွာမြို့၊သလ္လာရပ်ကွက်သားတစ်ဦးက ပြောသည်။
“တချို့တွေကျတော့ မလုပ်ရင်ငတ်မှာမို့ ကြောက်ကြောက်နဲ့ အလုပ်သွားရတာ။ညနေပိုင်း အလုပ်ပြန် ချိန် လူနည်းနည်းရှိတယ်။ကျန်တဲ့အချိန်ကတော့ တစပြင်ပဲ။စဉ်းစားကြည့်လေ။ဘယ်ခေတ်မဆို ညဘက် လူရှိတဲ့ အရက်ဆိုင်တွေတောင် အခု နည်းနည်းမှောင်တာနဲ့ လူမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ်သည် ညဘက်တွင် ဖမ်းစရာလူမရှိသဖြင့် နေ့ခင်းဘက်၌ ပြောင်ပြောင်တင်းတင်းလူဖမ်းနေ ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု တချို့ရပ်ကွက်တွေထဲ ညဘက်ဝင်ဆွဲနေတယ်။ ညဘက် ရပ်ကွက်ထဲသွားလာနေတဲ့သူတွေကို ဝင်ဖမ်းတာ။မြို့အစွန်ဘက်မှာ အိမ်တွေထဲအထိ ဝင်ဖမ်းတယ်လို့ အသံကြားတယ်။အတည်ပြုလို့တော့မရသေးဘူး” ဟု မုံရွာမြို့၊ထန်းတောရပ်ကွက်နေပြည်သူ တစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက မုံရွာမြို့တွင် ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲမှုများပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခြင်းခံမလား၊ ပြည်သူ့အတွက်တိုက်ပွဲဝင်မလားဟုဆိုကာ မုံရွာခရိုင်အမှတ်လေးတပ်ရင်း (Chindwin Attack Force) က တပ်ဖွဲ့ဝင်အသစ်များခေါ်ယူ လျက်ရှိသည်။