By Sayar Ngaat / MPA
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်ရှိ၊ မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသည့် ကျောင်းတစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ပြီးနောက် ဆရာ၊ဆရာမ လေးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်က ဆူရတ်ဌာနီပြည်နယ်၊ ကော့ဖငန်းကျွန်းပေါ်ရှိ မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” အဓိကကတော့ တရားမဝင်ကျောင်းဖွင့်လှစ်မှုဆိုပြီး ဆွဲချက်တင်ထားတယ်။ ပြီးတော့ တရားဝင် အလုပ်လုပ်ခွင့်မရှိဘဲ စာသင်တာကြောင့်ရောလို့လည်း သိရတယ်။ ဆရာ နှစ်ဦးနဲ့ ဆရာမ နှစ်ဦး ဖမ်းဆီးခံထားရတယ် “ ဟု ၎င်းက ပြောသည်။
မြန်မာရွှေ့ပြောင်းကျောင်းမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများသည် မအေးမြသူဇာ၊ မမြမြဝင်း၊ ကိုရန်နိုင်စိုးနှင့် ကိုချစ်ဖြိုးနောင်တို့ဖြစ်ပြီး လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဆူရတ်ဌာနီပြည်နယ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး တရားရုံးသို့ ဆက်လက်တင်ပြရန် စီစဉ်နေကြောင်းလည်း သိရသည်။
” သူများနိုင်ငံမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီးရှိတယ်။ အရေးကြီးတာကတော့ တရားဝင်ဖြစ်ဖို့၊ မဟုတ်ရင် ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ရော အခက်အခဲတွေ တော်တော် ဖြစ်စေတယ်။ အဲ့ဒါကြောင့်မို့ အထောက်အထားမရှိတဲ့သူတွေအနေနဲ့ ကလေးတွေရဲ့ပညာရေးကိစ္စနဲ့ ပက်သတ်ပြီး အဘက်ဘက်က နေ စဉ်းစားဖို့တော့ လိုပါတယ် ” မြန်မာရွှေ့ပြောင်းကျောင်းတစ်ခုမှ ပညာရေးလုပ်သားတစ်ဦးက ပြောသည်။
အဆိုပါ ကျောင်း၌ အသက် သုံးနှစ်မှ ၁၂ နှစ်ကြား မြန်မာကလေး ၁၉၀ ကျော်ပညာသင်ကြားနေခြင်းဖြစ်ပြီးမြန်မာဖတ်စာအုပ် ၃၁ အုပ်ကိုလည်း အထောက်အထားများအဖြစ် ထိုင်းအာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။
ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မြန်မာကျောင်းသား၊ ကျောင်းသူပေါင်း ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား တက်ရောက် ပညာသင်ကြားနေခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း – FEDထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ ကျောင်းများသည် မြန်မာကလေးများကို ဝန်ဆောင်မှုပေးနိုင်သော်လည်း မိဘများက တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့်သူများဖြစ်ပါက အထောက်အထားမပြနိုင်သဖြင့် ကလေးများအတွက် ဝင်ခွင့်ခက်ခဲကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။
” မိဘတွေက ပတ်စပို့သော်လည်းကောင်း၊၊ အထောက်အထားတစ်မျိုးမျိုး မပြနိုင်ရင်ကလေးတွေ ဝင်ခွင့်အတွက် အဆင်မပြေနိုင်ဘူး။ ဒီမှာရှိတဲ့ ကျောင်းတွေက မြန်မာကလေးတွေကို လက်ခံပေမဲ့ မိဘတွေ အထောက်အထားမပြနိုင်တာက ပြဿနာတစ်ခုလို ဖြစ်နေတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အထားမပြနိုင်လည်း အဆင်ပြေနိုင်မဲ့ ကျောင်းမျိုးကိုဘဲ ရွေးချယ်ရတာပေါ့ ” ဟု ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ထိုင်းအာဏာပိုင်များ ပိတ်သိမ်းခဲ့သည့် ဆူရတ်ဌာနီပြည်နယ်ရှိ၊ မြန်မာရွှေ့ပြောင်းကျောင်းသည် လွန်ခဲ့သည့် ခြောက်လခန့်မှ စတင်ကာ ကျောင်းဖွင့်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းလခအနေဖြင့် ကျောင်းသားတစ်ဦး တစ်လလျှင် အနည်းဆုံး ဘတ် ၃၀၀မှ အများဆုံး ဘတ်၅၀၀ ကောက်ခံကြောင်းနှင့် ထိုင်းအာဏာပိုင်များက ကျောင်းပိုင်ရှင်အစစ်အမှန်ကို ရှာဖွေနေပြီး မြန်မာကလေးငယ်များ၏ မိဘများ၌ အလုပ်လုပ်ခွင့်ခွင့်ပြုချက်ရှိမရှိကိုလည်း ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း အထောက်အထားရရှိထားသည့် အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရက သတ်မှတ်ထားသည့် အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိသည့် အလုပ်များကို လုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဒဏ်ငွေအနေဖြင့် အနည်းဆုံး ဘတ် ၅၀၀၀ မှ အများဆုံး ဘတ် ၅၀၀၀၀ အထိ ပေးဆောင်ရမည့်အပြင် အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ် ဆိုင်းငံ့ဆံရကာ နေရပ်ပြန်ပို့ခြင်းခံရမည်ဖြစ်ကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ ဇွန်လမှစတင်ကာ ထိုင်းအာဏာပိုင်များက ရက် ၁၂၀ စီမံချက်ဖြင့် စက်တင်ဘာလ ၁၉ ရက်အထိ မြန်မာနိုင်ငံသား ၁၉၃,၄၃၀ ဦးကို စစ်ဆေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ၊ ဆူရက်ဌာနီပြည်နယ်ရှိ မေတ္တာရိပ်အပါအဝင် မြန်မာရွှေ့ပြောင်းကျောင်း ခြောက်ခုကိုလည်း တရားမဝင်ဖွင့်လှစ်ထားသည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ပိတ်သိမ်းခဲ့သေးသည်။


