By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို PDFတို့ တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါအဝင် စစ်သား ၂၀ကျော်သေဆုံးကာ ရှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ရက်၊ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှထွက်လာသည့် ဗိုလ်မှူးရန်လင်းအောင်နှင့် ဗိုလ်ကြီးအောင်ဇော်မင်း ဦးစီးသော တပ်မ ၉၉ လက်အောက်ခံ၊ ခမရ ၁၄၊ ၁၅နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ခန့်ကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ တိုက်ခိုက်ခဲ့ရာ သုံးနာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က Mi-35ဖြင့် သုံးကြိမ်ပစ်ကူပေးခဲ့ရ ကြောင်း အမှတ်တစ် စစ်ဒေသက သတင်းထုတ်ပြန်သည်။
” သူတို့တော်တော်တော်ကြီး အခြေအနေဆိုးတဲ့ချိန်လာပစ်တာဗျ။ သုံးကြိမ်။ ဗိုလ်မှူးရန်လင်းအောင် သေသွားတယ်ဆိုတာတော့ လမ်းမှာ သွားရင်းလာရင်း သုံ့ပန်းတွေကပြောလို့သိတာ။ ဘယ်ဟာ ဗိုလ်မှူးဆိုတာတော့ သုံ့ပန်းတွေကို ကျတော်တို့က အချိန်မရလို့ အလောင်းတွေကိုပြပြီး မမေးနိုင် ဘူး။ ဖမ်းမိတဲ့သူတွေက တိုက်ပွဲထဲမှာ သူပစ်ကိုယ်ပစ်နဲ့ သူတို့ဘယ်လိုမှ ယှဉ်ပစ်လို့မရတော့တဲ့အချိန် မှာ လက်နက်ချတဲ့သဘောပါ” ဟု မြင်းခြံခရိုင်အမှတ် ၄၊၁၀ တပ်ရင်းမှ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအောင်ဇော်မင်းအပါအဝင် အလောင်း၂၁လောင်းရရှိခဲ့ပြီး ဗိုလ်မှူးရန်လင်းအောင်မှာ ဒဏ်ရာဖြင့် ဆုတ်ပြေးရင်း သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
“ တပ်ပျက်ပြီး ပြန်ပြေးကြတာပေါ့။ ကျန်တာ ၁၅ယောက်လောက်ကျန်မှာပေါ့။ ဒဏ်ရာရတာနဲ့ ဘာနဲ့ လက်နက်တွေထားပစ်ပြီး အရပ်ဝတ်နဲ့ ထွက်ပြေးတာပေါ့။ တခြားသေဆုံးကတော့ သူတို့ဒဏ်ရာနဲ့ လမ်းမှာထွက်ပြေးရင်းနဲ့ သေတယ်လို့ကြားတယ်ပေါ့နော်။ ဒါကတော့ ကျတော်တို့ စကောက်တွေပြောတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအပြီးတွင် MA-1 သုံးလက်၊ MA-2 လေးလက်၊ MA-3 ခြောက်လက်၊ MA-4 နှစ်လက်၊ MA-5 တစ်လက်၊ MA-11 ခြောက်လက်၊ G-3 ၁၂လက်၊ G-4 နှစ်လက်၊ BA-94 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်၊ ပြောင်းရှည် တစ်လက်နှင့် ၆၀ မမ ဗုံးသီး ၂၉လုံး၊ အီနာဂါ ငါးလုံး၊နာနတ်သီးဗုံး ကိုးလုံး၊ ၉ မမ ကျည် ၃၀၅တောင့်နှင့် ဦးထုပ် ၁၀လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။