By Mandy / MPA
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ပင်လည်းဘူးမြို့ရှိ ပြည်သူများသည် လေးလကြာသည်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်သောကြောင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ အောက်တိုဘာ ရှစ်ရက်က ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသခံများကို မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် ခွင့်မပြုသေးခြင်းဖြစ်သည်။
“စားရေးသောက်ရေးအတွက် မငတ်ရုံတစ်မယ်ဘဲ၊ အခြားလည်း ဘာမှအဆင်မပြေဘူး။ စျေးဆိုင်ရယ်လို့လည်း များများစားစားမရှိဘူး။ စီးပွါးရေးလုပ်စားဖို့လည်း ဘာအလုပ်မှမရှိဘူး။ ဟင်းသီးဟင်းရွက်တောင် ကိုယ်က စိုက်ပျိုးထားလို့ စားနေရတာ” ဟု ပင်လည်ဘူးမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပင်လည်ဘူးမြို့သည် ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင် မြို့နယ်များနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ ကန့်သတ်ခံရမှုများရှိသဖြင့် ကုန်ပစ္စည်းများပြတ်လပ်သည့်အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် ပိုမိုခက်ခဲနေရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ပင်လည်ဘူး တောင်ဘက်ခြမ်းမှာလည်း စစ်ရှောင်က တော်တော်များတယ်ဗျ၊ ကျတော်တို့လည်း အဲ့ဒီထဲကမှ အဆင်မပြေတဲ့ အိမ်ထောင်စု နှစ်ရာကို ကူညီထောက်ပံ့ပေးခဲ့တာ၊ စားနပ်ရိက္ခာအဓိက လိုအပ်ပါတယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသော “ပြည်သူမှပြည်သူသို့” မှ ကိုသဲကြီးကဆိုသည်။
ပင်လည်ဘူးမြို့နယ် တောင်ဘက်ခြမ်းသည် ကျွန်းလှ၊ ကောလင်းမြို့နယ်တို့နှင့် ထိစပ်ကာ ကုန်သွယ်ရေးအရ အနည်းငယ်အဆင်ပြေသော်လည်း စစ်ရှောင်များအတွက် လုံလောက်သော အလုပ်အကိုင်နှင့် ဝင်ငွေရလမ်းမရှိဟု စစ်ရှောင်ပြည်သူများက ဆိုသည်။
“အခုထိတော့ အိမ်ပြန်နေခွင့်မရသေးဘူးပေါ့ အိမ်ကိုတော့ ပြန်ကြည့်ခွင့်ရပြီးပြီ။ အရင် မြို့သိမ်းပြီးခါစကတော့ သုံး လကြာရင် ပြန်နေရမယ်ပြောပြီး အခုလေးလနီးပါးထိတော့ ပြန်နေလို့ရပြီ မပြောသေးဘူး။ သူတို့အနေနဲ့ကလည်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နေမှာပါ “ ဟု နေရပ်ပြန်ခွင့်နှင့်ပတ်သက်၍ စစ်ရှောင်အမျိုးသမီးတစ်ဦးက သုံးသပ် သည်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့မှ အောက်တိုဘာလ ရှစ်ရက်နေ့အထိ ၅၃ရက်ကြာ ထိုးစစ်ဆင်နွှဲပြီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအဖွဲ့ (WFP)က ၂၀၂၄ ခုနှစ်တွင် မြန်မာ့လူဦးရေ၏ ၁၃.၃သန်းသည် ဆာလောင်မှုဒဏ်ကို ခံခဲ့ရပြီး ၂၀၂၅ခုနှစ်အတွင်းတွင် နိုင်ငံလူဦးရေ၏ ၁၅သန်းခန့်သည် ဆာလောင်မှုဒဏ်ကို ရင်ဆိုင်ရမည်ဟု ဇန်နဝါရီ ၂၉ရက်က ထုတ်ပြန်ထားသည်။
နိုင်ငံတွင်း စားနပ်ရိက္ခာမလုံလောက်မှုကို ချင်း၊ကချင်၊ ရခိုင်၊ စစ်ကိုင်းအပြင် ပဋိပက္ခဖြစ်ပွါးရာ အရပ်ဒေသများတွင် ရင်ဆိုင်နေရပြီး ပဋိပက္ခကြီးထွားလာခြင်း၊ သွားရောက်ကူညီခွင့် ကန့်သတ်ခံရခြင်း၊ စီးပွါးရေးပြိုလဲမှုနှင့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများကြောင့် ဆာလောင်မှုဒဏ်ကို ခံစားကြုံတွေ့နေရသူဦးရေ စံချိန်တင်မြင့်တက်လာကြောင်း WFP ကဆိုသည်။