By Ra Wai / MPA
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်နှင့် စခန်းကုန်းကို PDFတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ စစ်သားငါးဦးသေဆုံးပြီး လေးဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၉ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာရှိ ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ငါးနာရီကြာဖြစ်ပွားခဲ့ပြီး ဂိတ်နှင့် စခန်းကုန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YePhyu People Defence Force (YPPDF) က သတင်းထုတ်ပြန်သည်။
“ သရက်ချောင်းနဲ့ထားဝယ် အလယ်ကဂိတ်ပါ။ အင်အားက ၁၅ယောက်နဲ့အထက်ရှိနိုင်ပါတယ်။ နှစ်နေရာဆိုပေမဲ့တစ်ဆက်တည်းပါ။ တိုက်ပွဲထဲမှာပဲ ကိုယ်လွတ်ရုန်းပြေးကြတာပါ။ နောက်ဆုံးဒဏ်ရာတွေနဲ့မခံနိုင်တော့တဲ့အဆုံး လက်နက်ချတာပါ။ ဆေးဝါးကုသမှုတွေလည်း ပေးထားပါတယ်” ဟု YPPDF တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ပွဲအပြီးတွင် ငါးကြင်းမြီးသေနတ်တစ်လက်၊ MA4 တစ်လက်၊ MA3 သုံးလက်၊ MA2 တစ်လက်၊ MA1 လေးလက်၊ ၆၀စိန်ပြောင်းတစ်လက်၊ ၁၄နင်းမိုင်းလေးလုံး၊ လက်ပစ်ဗုံး လေးလုံး၊ လိပ်ခုံးမိုင်း ငါးလုံး၊ လက်ကိုင်ဖုန်းရှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၃၀) နံနက် အစောပိုင်းတွင် မီးရှို့ခံရသည့် ဂိတ်နှင့် စခန်းကုန်းသို့ စစ်သားများ ပြန်လည် ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေးပြုလုပ်နေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အများသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့ ( FPF) နှင့် ဒေါင်းညီနောင်စစ်ကြောင်း ၊တပ်ခွဲတစ်တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။