By Nway / MPA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့် ရှိနေကြောင်း သိရသည်။
ပုလဲမြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်လာရသည့် ပြည်သူများအပါအဝင် ၂၀၂၄နှစ် ကုန်ပိုင်းတွင် စစ်ဘေးရှောင်အရေအတွက်တိုးလာကြောင်း ပုလဲမြို့နယ်ပြည်သူအုပ် ချုပ်ရေးအ ဖွဲ့ထံက သိရသည်။
“ ၂၀၂၄ အတွင်းမှာ ပုလဲမှာ စစ်ရေးအရ တင်းမာလာတာရော၊ ပျူရွာတွေက ထွက်ပြေးလာတာ ရှိတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ပျူရွာအနီးက နေရပ်စွန့်ခွာလာရတာရောနဲ့ စစ်ရှောင်ရွာ ရှစ်ရွာထပ်တိုးလာတယ် ” ဟု ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ဂန့်ဂေါမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများလည်း ပုလဲမြို့နယ်အတွင်း လာရောက်စစ်ရှောင်နေကြပြီး စစ်မှုထမ်းဥပဒေကြောင့် လာရောက်ရှောင်တိမ်းနေကြသည့် ပြည်သူများလည်း ရှိကြောင်း သိရသည်။
“ ဂန့်ဂေါနယ်ဘက်က စစ်ရှောင်တစ်နေရာထပ်တိုးတယ်။ အိမ်ထောင်စု ၆၀ တိုးလာတယ်။ ဂန့်ဂေါ၊ ကန့်သတ်ရွာစစ်ရှောင်စခန်းလည်းရှိတယ်။ သူတို့ဆို နှစ်နှစ်ကျော်ပြီ။ နေရပ်မပြန်ရတာ။ ပုလဲမှာက လေကြောင်းရန်ကလွဲပြီး အထိုက်အလျောက် လုံခြုံနေတော့ လာခိုလှုံတဲ့ပုံစံပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သိရသည်။
ပုလဲမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ခု၊နိုဝင်ဘာ၁၁ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူအပြင် စစ်ကူ များဖြင့်ပါ အင်အားဖြည့်ခုခံခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး လေးရက်အကြာ၌ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ခဲ့ရသည်။