By Jar Seng / MPA
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က မြန်မာနိုင်ငံသားများ ပညာတော်သင်ဆုအဖြစ် ထောက်ပံ့ပေးနေသည့် Diversity and Inclsion Scholarship Program (DISP) အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ဖြင့် အီလွန်မက်စ် ဦးဆောင်သည့် Department of Government Efficiency (DOGE) က ရပ်ဆိုင်းလိုက်ကြောင်း ဇန်နဝါရီ ၂၉ရက်တွင် X လူမှုကွန်ရက် စာမျက်နှာ၌ ကြေညာထားသည်။
အဆိုပါပညာတော်သင်ဆုသည် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်တွင် မြန်မာပြည်အတွင်း ပညာသင်ကြားရေး အခက်အခဲရှိနေသည့် ကျောင်းသူ၊ ကျောင်းသားများ လိုအပ်သည့် ပညာရပ်များသင်ကြားနိုင်ရန် USAID မှ တဆင့် အကူအညီများပေးအပ်ခြင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စတင်ခဲ့ခြင်းလည်းဖြစ်သည်။
“မတူကွဲပြားမှု ပညာသင်ဆုအဖြစ် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၄၅ သန်း ချထားခဲ့ပါသေးတယ်။ ၄၅ သန်း..။ ဒါ မြန်မာနိုင်ငံက မတူကွဲပြားသူတွေ ပညာသင်ဖို့အတွက် အတော့်ကို များတဲ့ ငွေပါ၊ အဲဒီ ပိုက်ဆံတွေ ဘယ်ရောက်သွားမလဲ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်ပါတယ်” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ DISP ပညာတော်သင်ဆုကို ပယ်ဖျက်လိုက်ခြင်းကြောင့် လက်ရှိ ပညာတော်သင်ဆုရပြီး ဒေသတွင်း နိုင်ငံများ၌ ပညာသင်ယူနေသည့် မြန်မာ ကျောင်းသား၊ ကျောင်းသူများ စိုးရိမ်မှုမြင့်တက်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ American University of Phnom Penh တွင် ဘွဲ့ကြိုအတွက် ပညာသင်ယူနေသည့် ကျောင်းသူတစ်ဦးက ဆိုသည်။
“တော်တော်များများက ဒီသတင်းတွေကြားပြီးနောက် စိုးရိမ်နေကြပါတယ်။ ဒီသတင်းကြားကြားချင်း Supervisor ကိုလည်း မေးထားပါတယ်။ သူတို့လည်း အကြောင်းမပြန်သေးဘူး။ ဘာဆက်ဖြစ်မလဲတော့ မသိဘူး။ စိုးရိမ်နေတာကတော့ လူတိုင်းလိုလိုဖြစ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။
အလားတူ DISP ပညာတော်သင်ဆုဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဘွဲ့ကြိုအတွက် Social Science and Sustainable Development အထူးပြုဘာသာရပ်ဖြင့်ပညာသင်ယူနေသည့် ကျောင်းသားတစ်ဦးကလည်း ၎င်းတို့ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် ကျောင်းသားအများစု စိုးရိမ်မှုမြင့်တက်နေကြကြောင်း ဆိုသည်။
“ဒီမှာ DISP ပညာတော်သင်ဆုနဲ့ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတော်တော်များက အဲ့ဒီသတင်းတက်လာတော့ အကုန်လုံး လန့်ကုန်ကြတာ၊ စိုးရိမ်မှုတွေ မြင့်တက်ကုန်ကြတာ၊ လောလောဆယ် အထိတော့ Supervisor တွေ ဘာမှ အကြောင်းမပြန်လာသေးဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ပညာသင်တော်ဆုအတွက် တာဝန်ယူလုပ်ဆောင်ပေးသည့် DISP Team (Myanmar) အနေဖြင့်လည်း Team တစ်ခုလုံး Cancel ခံလိုက်ရသည့်အခြေအနေဖြစ်သည့်အတွက် လက်ရှိအချိန်တွင် Volunteer လုပ်ကာ Grant အသစ်များ လျှောက်ပြီး တတ်နိုင်သည့်ဘက်မှ ကြိုးစာသွားမည်ဖြစ်သဖြင့် ဤဖြစ်ရပ်ကို ၎င်းတို့အပါအဝင်လူတိုင်းနီးပါးခံစားနေရခြင်းဖြစ်သောကြောင့် စာနာနားလည်ပေးရန် မေတ္တာရပ်ခံထားသည်။
“ကျမတို့ Team တစ်ခုလုံး Cancel ခံလိုက်ရတာဖြစ်လို့ စာနာနားလည်ပေးကြပါ၊ ရိုင်းစိုင်းတဲ့ အီးမေးလ်တွေပို့တာ၊ ဘာမှမဟုတ်တဲ့ မေးခွန်းတွေထပ်ခါထပ်ခါ ပို့တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု DISP Team (Myanmar) တွင် အလုပ်လုပ်နေသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထိုကဲ့သို ပညာတော်သင်ဆု ဖျက်သိမ်းလိုက်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း အစိုးရဘဏ္ဍာငွေများ၌ မလိုအပ်သည့် အသုံးစရိတ်များ လျှော့ချရန်နှင့် အဆိုပါငွေများကို ပြည်တွင်း၌ အဓိက ဦးစားပေးသုံးစွဲသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြောကြားမှုများကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပညာတော်သင်ဆုနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေပေးနေသူတစ်ဦးက ပြောသည်။
“အခု ရပ်တန့်လိုက်တဲ့ဟာတွေက ဒေါ်နယ်ထရမ့် သမ္မတ မဲဆွယ်စည်းရုံးကတည်းက နိုင်ငံတကာရေးရာမှာ ပါဝင်ပတ်သက်တာတွေ လျှော့ချမယ်၊ ပြည်တွင်းရေးကို ဦးစားပေးမယ်လို့ ပြောထားပြီးသားပါ။ ခု ဒီကိစ္စတွေကို Elon Musk နဲ့ Vivek Ramaswamy တို့ ဦးဆောင်တဲ့ DOGE က လုပ်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
DISP ပညာတော်သင်ဆု ရရှိသူများသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် အစရှိသည့် တက္ကသိုလ်များတွင် လူကိုယ်တိုင် တက်ရောက်နိုင်ပြီး အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်မှ အွန်လိုင်းဖြင့် ပညာသင်ယူနိုင်သည့် ဆုဖြစ်သည်။
DISP ပညာတော်သင်ဆုသည် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၈၀၀ခန့်အတွက် ပညာသင်ကာ ငါးနှစ်တာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၅သန်းပေးအပ်ရန် စီစဉ်ခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာ၌ လိုအပ်သည့် ပညာရေး ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲနှင့် ပါရဂူဘွဲများအပြင် Certificate အသိအမှတ်ပြု လက်မှတ်နှင့် ဒီပလိုမာများ ပေးအပ်ရန်လည်းပါရှိသည်။
လက်ရှိအချိန်တွင် DISP Scholarship နှင့် သက်ဆိုင်သည့် လူမှုကွန်ရက်စာမျက်နှာများ၊ ဝက်ဆိုဒ်များကိုလည်း ယာယီပိတ်ပင်ထားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။