By Nway / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့တွင် စစ်အုပ်စုဝင်များက လူငယ် ၁၀၀ ခန့်ကို စစ်မှုထမ်းရန် အဓမ္မပေါ်တာဆွဲသွားကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့်ကပ်လျက်ရှိသော နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာတို့မှ လူငယ် ၁၀၀ ခန့်ကိုစစ်အုပ်စုဝင်တို့က အင်အားအလုံးအရင်းဖြင့်ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က သတင်းထုတ်ပြန်သည်။
“မြို့ပေါ်ရပ်ကွက်တွေကို သူခိုးဓားပြတွေ ဝင်သလို ဝင်ဖမ်းတာပါ။လူငယ်တွေအနေနဲ့ PDF မလုပ်တောင် PDF စိုးမိုးနယ်မြေထဲမှာလာနေတာဟာ အကောင်းဆုံးပါ။စစ်တပ်ကတော့ စစ်သားလို နေတာရော ပြည်သူကိုငြိုးတာရောပေါ့။ဆက်ဒုက္ခပေးနေဦးမှာပဲ” ဟု ကျွန်းလှ-ကန့်ဘလူ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPAသို့ပြောသည်။
ဇန်နဝါရီ၂၉ရက်၊ နံနက် ကိုးနာရီခွဲကျော်တွင် ကန့်ဘလူမြို့နယ်ရဲမှူးဦးဆောင်သည့် ရဲကားသုံး စီး ဇီးကုန်းမြို့သို့ရောက်ရှိလာကာ ဇီးကုန်းမြို့ပေါ်ရှိ စစ်သား၊ပျူစောထီးများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များအား အတင်းအဓမ္မ ပေါ်တာဆွဲခြင်းဖြစ်သည်။
ထို့နောက် နံနက် ၁၀ နာရီခန့်တွင် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာသို့သွားကာ ထပ်မံဖမ်းဆီးပြီး နောက် ဇီးကုန်းသကြားစက်သို့ ကား လေးစီးဖြင့် ခေါ်ဆောင်သွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကဆိုသည်။
“ပြန်လွတ်ချင်ရင် တစ်ယောက်ကို အနည်းဆုံးသိန်းလေး၊ငါးဆယ်ပေးရတာဆိုတော့ သူတို့အကျိုး ရှိလို့ ပေါ်တာဆွဲတာ။ငွေမပေးနိုင်ရင် စစ်မှုထမ်းထဲပို့လိုက်တာဆိုတော့ စစ်ကောင်စီအတွက် တာဝန် ကျေပွန်တဲ့ စစ်ကျွန်ကောင်းအဖြစ် အသိအမှတ်ပြုခံရရော။ပြည်သူကို ကိုယ့်အကျိုးအတွက် အဲဒီလို လုပ်နေတဲ့ကောင်တွေကို PDFတွေကလည်း ၂၄နာရီပြည့် ခေါင်းထဲ စွဲစွဲမြဲမြဲမှတ်ထားပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်ကဆက်လက်ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း ပျူခေါင်းဆောင်ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး များကဦးဆောင်၍ ပေါ်တာဆွဲဖမ်းဆီးမှုများကို ဇန်နဝါရီ ၁၅ ရက်မှစ၍ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြပြီး ယင်းသို့ လုပ်ဆောင်မှုများကို ကန့်ဘလူမြို့ ဗျူဟာမှူးပင် မသိရှိကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ဆိုသည်။