By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ အအေးမိ၊ ချောင်းဆိုးရောဂါ အဖြစ်များနေကြောင်း သိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် နွေပေါက်လာသဖြင့် ဖုန်မှုန့်များဝင်ကာ ချောင်းဆိုးခြင်းနှင့် ရာသီအပြောင်းအလဲကြောင့် အအေးမိခြင်းတို့ ဖြစ်နေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပရဟိတ ဆရာဝန်တစ်ဦးထံမှ သိရသည်။
” အခု နွေပေါက်တော့ ဖုန်မှုန့်တွေ ဝင်ပြီး ချောင်းဆိုးကြတာ၊ ရာသီဥတုအပြောင်းအလဲမှာ အအေးမိကြတာတွေလည်း ဖြစ်ကြတယ်ဗျ၊ သက်ကြီးပိုင်းတွေလည်း အအေးမိပြီး ချောင်းဆိုးကြတာတွေ ဖြစ်တယ်။ တချို့ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်ကြလို့ စလိုင်းပုလင်းတွေ ဆေးဝါးအကူအညီတွေ လိုအပ်တယ်ဗျ” ဟု ပရဟိတ ဆရာဝန်တစ်ဦးက MPA သို့ပြောသည်။
ထို့ပြင် ဆေးဝါးများဝယ်ရန်ခက်ခဲခြင်း၊ စစ်ကောင်စီဂိတ်များ၌ ဆေးများတွေ့ပါက သိမ်းခြင်းနှင့် ရန်ပုံငွေအခက်အခဲတို့လည်း ရှိကြောင်း ၎င်းကပြောသည်။
” စစ်ရှောင်တွေကို အခမဲ့ ကုပေးချင်တာ ဆိုတော့ ရန်ပုံငွေ မလောက်တာရှိတာပေါ့ဗျာ၊ တစ်ရက်ကို အနည်းဆုံး လူနာ ၃၀လောက်ကို ဆေးကုသမှုပေးနေရတာ” ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆေးရုံ၊ ဆေးခန်းနှင့် အရမ်းဝေးသည့် ကျေးရွာသုံးရွာ၌ အထိုင်ဆေးခန်းဖွင့်လှစ်ထားပြီး ရွေ့လျားဆေးခန်း (Mobile clinic) ကို တစ်လလျှင် သုံးကြိမ်၊ ဘုတလင်နှင့် ထိစပ်မြို့နယ်များသို့ သွားရောက်လှည့်လည် ဆေးကုသမှုပေးနေကြောင်း တကသများ-ရန်ကုန်ထံမှ သိရသည်။
” တစ်ခါသွားပြီဆိုလည်း လေး၊ငါးရွာပေါ့လေ၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ရွာမျိုးတွေ ဆေးရုံ၊ ဆေးခန်းနဲ့ အရမ်းဝေးတဲ့ရွာမျိုးတွေ အဲ့လိုရွာမျိုးတွေမှာ အထိုင်ဆေးခန်းဖွင့်ထားတာ ကျတော် တို့မှာရှိပါတယ်။ နောက်တစ်ခုကကျ ဆေးခန်းနဲ့တွဲလျက်ပေါ့လေ၊ သားဖွားလို့ရတဲ့အခန်းမျိုးတို့ ဘာတို့ပါ ထည့်ပြီးတော့လုပ်နိုင်ဖို့ ကျတော်တို့ ဆက်ကြိုးစားနေတာရှိပါတယ်” ဟု တကသ များ-ရန်ကုန်မှ ကိုမင်းဟန်ထက်ကပြောသည်။
ထို့ပြင် ခွဲစိတ်ရန်လိုအပ်သည့်ရောဂါများနှင့် ရေရှည်ကုသမှုပေးရမည့်လူနာများကို ကုသမှုပေးနိုင်ရန်အတွက် ကြိုးစားနေကြောင်းလည်း ၎င်းကပြောသည်။
“ အဓိက ပြဿနာကတော့ ဆေးပစ္စည်းလိုအပ်တဲ့ ပြဿနာ၊ တခြားသော ရောဂါအကြီးကြီးတွေ၊ ဥပမာ- ခွဲစိတ်မှုလိုတဲ့ဟာမျိုးတွေ၊ ရေရှည်ပုံမှန်ကုသမှုပေးဖို့ လိုတဲ့ဟာမျိုးတွေပေးဖို့မျိုးတွေဆို ကျတော်တို့အနေနဲ့ မနိုင်တာရှိတယ်။ အဲ့ဒါမျိုးတွေကိုလည်း ကုပေးနိုင်ဖို့အတွက် ကျတော်တို့ ဖြည့်ဆည်းပြင်ဆင်နေတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့၊ ကျတော်တို့ လုပ်ပေးနိုင်တာတော့ နည်းနေသေးတယ်” ဟု ကိုမင်းဟန်ထက်က ရှင်းပြသည်။
ယင်းအပြင် ကျောင်းသားလက်ရုံတပ်တော် (SAF) မှပြုလုပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုတွင် သွေးတိုး၊ ဆီးချို၊ ရာသီတုပ်ကွေး၊ အားနည်းခြင်း၊ ကိုယ်လက်ကိုက်ခဲ၊ ဝမ်းပျက်ဝမ်းလျှော၊ ချောင်းဆိုးတို့ အဖြစ်များသည့် လူနာများတွေ့ရှိရပြီး သားဆက်ခြားဆေးထိုးခြင်း နှင့် သန်ချဆေးတိုက်ကျွေးခြင်းများပါ ဆောင်ရွက်ပေးနေကြောင်း ၎င်းကပြောသည်။
ဘုတလင်မြို့နယ်တွင် ဘုတလင်ဒေသခံနှင့် မုံရွာမြိုနယ်မှ လာရှောင်ရသူ စစ်ရှောင် ၁၀၀၀ ဝန်းကျင်ရှိနေပြီး လိုအပ်သည့် အကူအညီများလည်း ပေးအပ်ထားကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
” ဘုတလင်နားကပ်နေတဲ့ရွာတွေကနေ သက်ကြီးရွယ်အိုတွေ၊ ကလေးမိခင်တွေ မပြေးနိုင်မလွှားနိုင်တဲ့သူတွေကို လွတ်ရာကျွတ်ရာပို့ထားတာပေါ့ဗျ၊ မုံရွာဘက်ကျ နမခနဲ့နီးတော့ နမခက ကင်းပတ်ရင်းနဲ့ တွေ့တဲ့သူကို ဖမ်းခေါ်သွား ဘာညာလုပ်ပြီး မနေရဲတော့ ဒီဘက်မှာ သူတို့အတွက် သပ်သပ်လေးစစ်ရှောင်စခန်းဆောက်ပေးထားတာပေါ့ဗျာ၊ကျတော်တို့မြို့နယ်ကလည်း စားနပ်ရိက္ခာလေး သွားထောက်ပံ့ပေါ့။ သူတို့လည်း အလုပ်လေးဘာလေးထွက်လုပ်ကြပေါ့” ဟု ၎င်းကပြောသည်။
ယင်းစစ်ရှောင်များသည် ဆေးဝါးလိုအပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ ရှိနေသော်လည်း တောင်သူအငှား လိုက်နေသဖြင့် စားဝတ်နေရေးမှာ လတ်တလောအဆင်ပြေနေကြောင်း သိရသည်။
” စားဝတ်နေရေးကတော့ အထူးတော့ပြောစရာမလိုဘူးပေါ့။ ရေရှည်ရှောင်လာရတာဆိုတော့ ကျပ်တည်းတာပေါ့။ အခုကတော့ တောင်သူတွေက အလုပ်သမားတွေလိုနေတော့ အဲ့ဒါမျိုးလေးတွေ အငှားလေးလိုက်နေတော့ စားဝတ်နေရေးက နည်းနည်းတော့အဆင်ပြေတယ်ဗျ” ဟု ၎င်းကဆက်ပြောသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်တွင် ဘုတလင်မြို့ပေါ်ရှိ ပြည်သူ ခြောက် ဦး၊ ၁၃ရက်တွင် မြောက်ကျီရွာမှာ ပြည်သူ ခုနစ်ဦး၊ ၁၇ရက်နှင့် ၁၈ ရက်တွင် စီပါရွာမှ ပြည်သူငါးဦးနှင့် တက်လှိုင်းရွာမှ တစ်ဦး၊ ၁၉ ရက်တွင် ဆယ်ဝရွာမှ ပြည်သူတစ်ဦးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ရှစ်ရွာဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။