By Nway / MPA
မြန်မာ့အရေးကို အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးဆက်ဖြစ်နေရန် ကြိုးစားသွားမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂၉ရက်) ကျင်းပသည့် NUGအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ လောလောဆယ်မှာတော့ အစိုးရသစ်တစ်ရပ်ဖွဲ့ပြီးတဲ့အချိန်မှာ မူဝါဒပိုင်းဆိုင်ရာတွေ ပြန်ပြီး သုံးသပ်တာတွေလုပ်နေတဲ့အချိန်မှာ ကျမတို့ Call တောင်းပြီး တွေ့ရတာ ခက်တော့ခက်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ဇန်နဝါရီ ၂၀ရက်၊ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ကမ္ဘာတစ်ဝန်းသို့ ပေးနေသည့် နိုင်ငံခြားအကူအညီအားလုံးနီးပါးကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားရန်အမိန့်နှင့် အခြားသောအမိန့်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအမိန့်များသည် မြန်မာနိုင်ငံတင်သာမက အိမ်နီးချင်းနိုင်ငံများ၊ ဥရောပနိုင်ငံများအပေါ် သက်ရောက်မှုရှိနေကြောင်း၊ အကူအညီများကို ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်မည်ဟု ပြောဆိုထားခြင်းဖြစ်ပြီး အထောက်အပံ့များ ပြန်လည်ပေးအပ်သောအခါ ထပ်မံ ဖြတ်တောက်ခြင်းမဖြစ်ရန် မြန်မာ့အရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ တစ်ဖက်မှာလည်း အဲဒီလို ဆောင်ရွက်ဖို့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မူဝါဒသည် တကယ့်တ ကယ်က Bi Partison ပေါ့နော်။ Democrat ရော Republican ရောရဲ့ ဦးစားပေးဖြစ်တယ်ဆိုတဲ့ဟာကို ကျမတို့ ကမ်ပိန်းကာလတွေမှာ နှစ်ဖက်ပါတီက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့ reassure လုပ်ထားတာရှိပါတယ်” ဟု ၎င်းကပြောသည်။
ဆိုင်းငံ့ကာလအတွင်း မြန်မာနယ်စပ်ဒေသရှိ ပြည်သူများနှင့် ဒုက္ခသည်များ ကြုံတွေ့နေရသည့် သက်ရောက်မှုများကို NUG လူသားစာနာနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။