By Wazza /MPA
ဟာသ သရုပ်ဆောင် အောင်ရဲထွေးကို လူသတ်မှုကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်ကျခံနေရသော ပြည့်ဖြိုး အောင်(ခ) အောင်လေးသည် ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ကျနေသော ပြည့်ဖြိုးအောင်(ခ)အောင်လေးသည် လက်ရှိတွင် အင်းစိန်ထောင် သပြေဆောင်(၂) အခန်း(၂) အခန်းလူကြီးဖြစ်နေသည်။
အောင်လေးသည် သပြေဆောင်(၂) အခန်း(၂)ရှိ နိုင်ငံရေးအကျဉ်းသားများကို အပြစ်မရှိအပြစ်ရှာ၍ မီးကပ်တိတ် ပတ်ထားသော မော်တာကြိုးဖြင့် ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း ပြုလုပ်နေပြီး ဖားခုန် ခုန်ခိုင်းခြင်းများ လုပ်ခဲ့ ကြောင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ၏ ပြောကြားချက်အရ သိရသည်။
“ညဘက် ဘာယာကင်းစောင့်နေချိန်မှာ သူတို့သတ်မှတ်ထားတဲ့ အလုပ်တစ်ခု လုပ်တာ လွဲချော်သွားခဲ့တယ်။ အဲ့ဒါကြောင့် အခန်းတစ်ပတ်ကို ဖားခုန် ခုန်ခိုင်းတယ်။ ကျတော်က နှလုံးရောဂါအခံရှိတော့ ဖားခုန်တာ ဆက်မလုပ်နိုင်တော့ဘူး။ မျက်လုံးတွေ ပြာနှမ်းနေလို့ ထိုင်နားနေတာကို အောင်လေးက ကျတော်ပါးကို အားနဲ့ ရိုက်တယ်။ ခေါင်းထဲ မူးဝေပြီး လဲကျသွားခဲ့ရတယ်။ ကျတော်တို့လိုပဲ တခြားနိုင်ငံခြားသား အကျဉ်းသားများကိုလည်း အကြောင်းရှာ ရိုက်နှက်တာမျိုးလည်း ရှိတယ်”ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမောင်မောင်(အမည်လွှဲ)က ပြောသည်။
ထို့အပြင် အောင်လေးသည် သူ၏ အခန်းအတွင်းရှိ LGBT နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း လိင်ပိုင်းဆိုင်ရာထိ ပါးခြင်းများ ပြုလုပ်ခဲ့သော်လည်း အရေးယူခံရခြင်းမရှိကြောင်း ကျူးလွန်ခံရသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး၏ ပြောကြားချက်အရသိရသည်။
“အောင်လေးက ကျတော်ကို sexual harassment(လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု) လုပ်တာ လေးငါးခါ မကဘူး။ သူရဲ့ လိင်အင်္ဂါကို လက်နဲ့ ကိုင်ခိုင်းတယ်။ ကျတော့်ရဲ့ Private area ဖြစ်တဲ့ တင်ပါးကို သူရဲ့ လက်နဲ့ ပွတ်ပြီးကိုင်တွယ်တာမျိုးလည်း လုပ်တယ်။ အောင်လေးရဲ့အခန်းထဲက စည်းကမ်းထိန်းဆိုရင် ကျတော့်ရဲ့ တင်ပါးကို နှိုက်ပြီး ကိုင်တာမျိုးလည်း ခဏခဏ လုပ်တယ်။ ပိုဆိုးတာက ပုဆိုးအတွင်းထဲ လက်လျှိုပြီး ဖင်ကို ပွတ်တာမျိုး။ အဲ့ဒီလို Harassment လုပ်ခံရတာမျိုးက ခဏခဏပဲ”ဟု အင်းစိန်ထောင်မှ ပြန်လည်လွတ် မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကိုမင်းမင်း(အမည်လွှဲ)က MPA သို့ ပြောသည်။
အောင်ရဲထွေးကို လူသတ်မှု ကျူးလွန်သည့်အပြင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုတို့ဖြင့် ထောင်ဒဏ်ကျခံနေရသူ အောင်လေးသည် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများ ကျူးလွန်ပြီးနောက် သူ့၏ လုပ်ရပ်များကို တိုင်ကြားခြင်း ပြုပါက အခြောက်ဆောင် သို့ ပို့ပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် သည်းခံနေထိုင်ခဲ့ရကြောင်း ကျူးလွန်ခံ ရသူက ပြောသည်။
“အောင်လေးက သူကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာထိပါးမှုလုပ်တယ်။ အခန်းစည်းကမ်းထိန်းလုပ်တာကို သိနေ ပေမဲ့လည်း မတားဘူး။ ကျတော် ထောင်ထဲမှာ ၅၀၅(က)နဲ့ တစ်နှစ် ဆယ်လနေခဲ့ရတယ်။ တစ်လတစ်ခါလောက် အခန်းလူကြီး အောင်လေးက အခြောက်ဆောင်ပို့မယ်ဆိုပြီး ခြိမ်းခြောက်တာ ခံရတာ အကြိမ်၂၀ထက်မနည်း ဘူး” ဟု ကိုမင်းမင်း(အမည်လွှဲ) က ဆက်လက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို အခန်းလူကြီး အောင်လေးနှင့် စည်းကမ်းထိန်း ရဲမော်ဆိုသူတို့က ရိုက်နှက်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ လုပ်နေသော်လည်း အင်းစိန်ထောင်ဝန်ထမ်းများ အရေးယူမှုမရှိဘဲ လျစ်လျူရှု့ထားကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထံမှ သိရသည်။
ဟာသ သရုပ်ဆောင် အောင်ရဲထွေးကို ပြည့်ဖြိုးအောင်(ခ)အောင်လေးအပါအဝင် သုံးဦးက ထိုးကြိတ် ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် သေဆုံးခဲ့ရသည်။
အောင်ရဲထွေး သေဆုံးမှုဖြင့် အောင်လေးအပါအဝင် သုံးဦးမှာ ထောင်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရသည်။
အောင်လေး၏ အမှုတွဲများသည် လူသတ်မှု ပြစ်ဒဏ်စေ့သဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သွားပြီ ဖြစ်သော်လည်း အောင်လေးသည် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုပြစ်ဒဏ်ကြောင့် အင်းစိန် အကျဉ်းထောင်၌ ဆက်လက်အကျဉ်းကျခံနေရခြင်းဖြစ်သည်။