By Nway / MPA
အာဆီယံနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း အာဆီယံ၏ မေတ္တာရပ်ခံချက်ကြောင့် သတင်းမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။
ယနေ့ ( ဇန်နဝါရီ ၂၉ရက် )ကျင်းပသည့် NUGအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ သက်ဆိုင်ရာအာဆီယံဥက္ကဌတွေပေါ့။ နှစ်တိုင်း တစ်နှစ်တစ်ခါပြောင်းသွားတဲ့ ဥက္ကဌတွေနဲ့ဆိုရင်လည်း သူတို့ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့ အမြဲတမ်းပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သက်ဆိုင်ရာနိုင်ငံတွေက ကျတော်တို့ကို ဖိတ်ကြားတဲ့အခါမှာ အလွတ်သဘောအစည်းအဝေးတွေ အမြောက်အမြားရှိခဲ့တယ်။ ကျတော်တို့လည်း တက်ရောက်ခဲ့တယ်ပေါ့နော်။ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းကပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သဘောတူညီခဲ့သော အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ခေါင်းဆောင်က လုံးဝ မလိုက်နာ၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းလည်း ဆိုသည်။
“ ကျတော်တို့က ဒီသဘောတူညီချက်နဲ့ပတ်သက်ရင် အားနည်းချက်၊ လိုအပ်ချက်တွေကို အမြဲတမ်း ထောက်ပြတယ်။ သို့သော်လည်း တစ်ဖက်ကကျတော့ ဘုံသဘောတူညီချက်အကောင်အ ထည်ဖော် ရေးနဲ့ ပတ်သက်ရင် အမြဲတမ်းပူးပေါင်းဆောင်ရွက်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီ ပြုလုပ်ရန် စီစဉ်နေသည့်အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး အကူအညီပေးနေသည့် နိုင်ငံအချို့ရှိနေကြောင်း ယင်းသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအချင်းချင်း ရေရှည်ဆက်ဆံရေးကို ထိခိုက်စေကြောင်း ၎င်းကပြောသည်။
“ အဲဒါမျိုးက တိုင်းပြည်ရဲ့ပြဿနာကို ပြေလည်ဖို့ ကူညီရာမရောက်ဘဲ တိုင်ပြည်ကို ပိုဒုက္ခရောက်စေဖို့။ ဒါ ပြည်သူလူထုကို အနိုင်ကျင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေဖို့အကူအညီပေးတဲ့ သဘောဖြစ်နေတယ်။ ဒါကို ပြည်သူက လက်ခံမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် ၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်နေ့၊ အာဆီယံခေါင်းဆောင်များ၏ ဂျာကာတာအစည်းအဝေးမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းမူငါးရပ်ကို အမေရိကန်၊ တရုတ်နှင့် အနောက်နိုင်ငံကြီးများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။