By Jar Seng / MPA
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများ၌ စစ်ကောင်စီတပ် ကင်းစင်သွားသော်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေခြင်းကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးသည် ပိုမိုကျပ်တည်းလာကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသူများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့သည့် စစ်ပွဲများကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်များ ပိုမိုတိုးပွားလာသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် နေရပ်ပြန်နိုင်ရန် အခက်တွေ့နေပြီး စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာခြင်းလည်းဖြစ်သည်။
“ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိကြဘူး။ တောတောင်ထဲသွားပြီး ထင်းခုတ်တယ်။ ထင်းရောင်းလို့ရတဲ့ ပိုက်ဆံက တစ်နေ့ကို ကျပ်ငါးထောင်မပြည့်ဘူး။ မိသားစုဝင်က များတယ်။ အများစုက ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ အလှူငွေနဲ့ ရပ်တည်နေရတာပါ၊ အလှူရှင်တွေ ပါဝင်မှုနည်းလာရင် စားဝတ်နေရေး ပိုကျပ်တည်းကြတယ် ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တစ်ဝန်း AA ထိန်းချုပ်ထားသည့် နယ်မြေများ၌ စစ်ဘေးရှောင် ခြောက်သိန်းကျော်ခန့်ထိရှိကြောင်း ULA/ HDCO ၏ စာရင်းများအရ သိရသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိခဲ့သည့် အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာလည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားများပင် ပြတ်လပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
“ အမ်းမှာက တစ်နေရာနဲ့ တစ်နေရာ နည်းနည်းလှမ်းတယ်။ စစ်ရှောင်တော်တော်များက ဆန်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်။ သောက်သုံးရေလည်း ရှားပါးနေပါတယ်။ ပြီးတော့ ဒီနေရာက အခြားမြို့တွေထက်စာရင် အေးလည်းအေးတယ်။ စောင်တွေလည်း လုံလုံလောက်လောက်မရှိကြဘူး “ ဟု အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာလှူဒါန်းပေးခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
အလားတူ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ငပလီ၊ ရမ်းဗြဲဒေသ နှင့် ဂွမြို့နယ်တို့တွင်လည်း စစ်ဘေးရှောင်များ သောင်းချီ၍ တိုးလာနေပြီး အများစုမှာ စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို စိုးရိမ် ကြောက်လှန့်၍ နေရပ်မပြန်နိုင်ကြသူများ ဖြစ်သည်။
“ကျတော်တို့ ငပလီ၊ သံတွဲ၊ ဂွဘက်မှာ စစ်ဘေးရှောင် ခန်းမှန်းခြေ ၃၀,၀၀၀ ကျော်လောက်ရှိပါတယ်။ စစ်တပ်မရှိတော့ဘူးဆိုပေမဲ့ အများစုကတော့ နေရပ်မပြန်ရဲကြသေးဘူး။ မပြန်ရဲတဲ့အကြောင်းကလည်း လေကြောင်းရန်ကို ကြောက်လို့ပေါ့ ” ဟု ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းစစ်ဘေးရှောင်အများစုအား ပြည်တွင်း၊ ပြည်ပမှ အလှုရှင်များ၏ ကူညီထောက်ပံ့ပေးသော လှုဒါန်းငွေများဖြင့် ကူညီပေးနေခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှ စ၍ အလှုငွေလက်ခံရရှိမှု နည်းပါးလာသဖြင့် ကူညီပံ့ပို့မှုများ လျော့နည်းလာကာ ရက်တန့်ထားရသည့် အခြေအနေများရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အလှုရှင်တွေ ပိုက်ဆံထောက်ပံ့ပေးတာနည်းလာကြတယ်။ မနည်းတောင့်ခံနေကြရတယ်။ သူတို့ ထောက်ပံ့တာ နည်းလို့ ကျတော်တို့လည်း လှုဒါန်းတာတွေ လျော့နည်းလာတယ်။ တစ်ချို့ဟာတွေဆို ကူညီပေးချင်ပေမဲ့ ခဏရပ်ထားရတယ်။ တော်တော်များက ဆန် နဲ့ စားနပ်ရိက္ခာတွေ ပိုလိုအပ်ကြပါတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့စစ်ရှောင်များ ကျပ်တည်း ခက်ခဲနေသည့် အခြေအနေများကို အာရက္ခတပ်တော်မှ နိုင်ငံတကာအကူညီများ အမြန်ဆုံးဝင်ရောက်လာအောင် ကြိုးပမ်းလုပ်ဆောင်သင့်ကြောင့် ဒေသခံပြည်သူများက အကြံပြုတောင်းဆိုမှုများရှိနေသည်။
အာရက္ခတပ်တော် (AA)ကလည်း ၎င်းတို့ ထိန်းချုပ်မှုအောက်တွင် ရှိနေသည် စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားသော ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိသော်လည်း တိုးပွားလာသောစစ်ရှောင်ဦးရေများလာခြင်းကြောင့် လုံလောက်စွာကူညီပံ့ပို့မှုများ မလုပ်ဆောင်နိုင်သည့် အခြေအနေဖြစ်နေသည်။
ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များ၊ စစ်ဘေးရှောင်များ မဟုတ်သော်လည်း အခြေခံလိုအပ်ချက်များကို မပြည့်မီနိုင်သည့် မိသားစုများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပြုလုပ်နိုင်ရန် ULA/HDCOက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရှစ်ရက်တွင် ဖိတ်ခေါ်ထားသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲများဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ကုန်ပစ္စည်းများဝင်ရောက်မည့် ကုန်လမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သည့်အတွက် ကုန်စျေးနှုန်းများအဆမတန်မြင့်မားကာ၊ လူသုံးကုန်ပစ္စည်းများ ရှားပါးလာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် မြို့တော် စစ်တွေ တွင်လည်း ကုန်ဈေးနှုန်းများ မြင့်မားခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ ငွေကြေးကျပ်တည်းခြင်း နှင့် ရန်ကုန်မှ စားသောက်ကုန်ပစ္စည်းများကို သင်္ဘောများဖြင့် သယ်ယူ တင်သွင်းမှုတစ်ချို့ရှိ နေသော်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကိုသာ ပေးဝေခြင်းတို့ ကြောင့် ဒေသခံပြည်သူများမှာ ဆန်ပြုတ်ကျိုသောက်နေရသည့် အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။












