By Nway / MPA
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတွင် စစ်သားများ ရှေ့တန်းမထွက်ချင်သဖြင့် ကိုယ့်ဗုံးကိုယ် ပြန်ခွဲ ကာ AA ကလာရောက် ဖောက်ခွဲသလို အယောင်ဆောင်ခဲ့ကြောင်း သိရသည်။
ထုံးဘိုမြို့၊ ပြင်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း (ကထက)တွင် ဇန်နဝါရီ၂၂ရက်၊ညခုနှစ်နာ ရီကျော်ကဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုမှာ ယင်းကျောင်းရှိ စစ်သားများကိုယ်တိုင် ပြန်ဖောက်ခွဲခြင်းဖြစ်ကြောင်း MPA၏ ပြည်မြို့စစ်ကောင်စီသတင်းရင်းမြစ်ထံ က သိရသည်။
“ ရှေ့တန်းမထွက်ချင်ကြလို့ ကိုယ့်ဟာကိုယ် ပြန်ခွဲတာပါ။ တပ်ထဲပေါက်ကွဲမှုဖြစ်တော့ AA လက်ချက်ဘာညာဆိုပြီး တပ်လုံခြုံရေးတိုးမြှင့်အောင်။ လုံခြုံရေးအကြောင်းပြပြီး တပ်ထဲ အင်အား မလျော့အောင် လုပ်တာပါ” ဟု ၎င်းက ပြောသည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိ၊ မရှိကို MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဗုံးပေါက်ကွဲမှုဖြစ်ဖြစ်ချင်းတွင် စစ်တပ်က မီးဖြတ်၍ တပ်ဖြန့်ကာ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် ပြည်နှင့် ပန်းတောင်းမြို့နယ်ရှိ ကပစများမှ စစ်သားများကိုပါ ရှေ့တန်းသို့ စေလွှတ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ရက်တွင် ရက္ခိုင်တပ်တော် AA သည် ရခိုင်ပြည်နယ် – ပဲခူးတိုင်းအစပ်ရှိ စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို သိမ်းပိုက်ထားသည်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း (ကထက) သည် ဧက ၇၀၀ ခန့်ကျယ်ဝန်းပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များအားလုံးရှိ စစ်သားများကို အခြေခံစက်မှုပညာနှင့် နည်းပညာများ သင်ကြားပို့ချပေးကြောင်း သိရသည်။